တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

ပုသိမ် ဇွန် ၅

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံး အဖြတ် ရယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၀) ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၀) ခုအား သက်ဆိုင်ရာ တိုင်း‌ဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် အမှတ်(၂) ကိုယ်စားလှယ်က “လမ်းဘေးဈေးသည်များအား စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်း၍ ဖျာပုံမြို့နယ် အမှတ်(၂) ကိုယ်စားလှယ်က ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ကိုရယူခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)