စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆီထွက်သီးနှံ ဧက ၅၂၀၉၆ လျထားစိုက်ပျိုးမည်

ကန့်ဘလူ ဇွန် ၅

ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံ ဧက ၅၂၀၉၆ လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၅၁၅၆၆ ဧက၊ နေကြာ ၅၃၀ ဧကတို့ကို လျာထားစိုက်ပျိုးခဲ့ရာတွင် ယခုနှစ် မေလကစတင်စိုက်ပျိုးခဲ့ရာ၌ ယနေ့အထိ မြေပဲ ၈၆၃၆ ဧက၊ နှမ်း ၇၈ ဧကနှင့်နေကြာ ၂၅၄ ဧက စုစုပေါင်း ၈၉၆၈ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်မှာ ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးမြှင့်လာစေရေးနဲ့ စားနှပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်နေသလို စားသုံးဆီဖူလုံရေးနဲ့ ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ သီးထပ်သီးညှပ်တွေနဲ့ ဆီထွက်သီးနှံတွေကို စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးနိုင်စေဖို့ တောင်သူတွေကို စည်းရုံးဆောင်ရွက်ပြီး စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမျိုးမြင့်က ပြောသည်။

ကန့်ဘလူမြို့နယ်၌ ပြီးခဲ့သည်နှစ်က ဆီထွက်သီးနှံ စုစုပေါင်း ၅၂၅၁၆ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ မြို့နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မတ်ပဲနှင့်အစေ့ထုတ်ပြောင်းစသည်တို့ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)