ကံမမြို့နယ် ဇီးတောကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ (၅၂) ဦးတို့၏ မိုးစပါးစိုက်ဧက (၁၅၃) ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၄၅၉) သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ထုတ်ပေးရာတွင် ကံမမြို့နယ်၌ ငွေကျပ် သိန်းပေါင်း ငါးသောင်း ငါးရာသိန်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် သုံးသိန်းကျပ်နှုန်း မြေပဲ၊နှမ်းအစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူများကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)