ငွေဆောင်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းစစ်ဆေး

ငွေဆောင် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်သော ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးမှုကို ဇွန် ၄ ရက် နေ့လယ်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ငွေဆောင်တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာစည်သူဝင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ငွေဆောင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှဝန်ထမ်းများ၊ မြို့မီးသတ်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ငွေဆောင်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများသို့ သွားရောက်ကာ ကျောင်းမုန့်ဈေးတန်းများ၌ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များသာ ရောင်းချနိုင်ရေး၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး၊ ကျောင်းသန့်စင်ခန်းများနှင့် လက်ဆေးကန်များ စနစ်တကျ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သောက်သုံးရေ သိုလှောင်ထားရှိမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ထို့ပြင်စာသင်ကျောင်းဝန်းအတွင်းရှိ ရေတွင်း၊ ရေကန်များတွင် ခြင်နှင့်ယင်ကောင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ရေသိုလှောင်ထားရှိမှု အခြေအနေများကိုလည်းစစ်ဆေးခဲ့ပြီး ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)