ဝမ်းတွင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအုပ်စုနှင့် မလွှပင်ကျေးရွာအုပ်စုမှ နှမ်းစိုက်တောင်သူများအား နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထီးလှိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်နီလာသန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကနေဒီတို့က နှမ်းသီးနှံပန်းတိုင်ရရှိရေး၊ လက်ရှိအထွက်နှုန်းထက် ပိုမိုထွက်ရှိရေး၊ မျိုး၊ မြေ၊ ရေနည်းစနစ်များကို လိုက်နာဆောင်ရွက်ရန် ပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများသည် ထီးလှိုင်၊ မြေတိုင်ကန် ကျေးရွာ မိုးနှမ်းစံပြကွက်များသို့ ကွင်းဆင်းကာ အချိန်မီသားခွဲရေးနှင့် အစိုဓာတ်ရရှိပါက မြေသြဇာကျွေးရန်၊ အစိုဓာတ်နည်းပါက ရွက်ဖျန်းအားဆေးပက်ဖျန်းရန် ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ပြန်/ဆက်)