မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

မင်းဘူး ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ (Video Clip)၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ (Video Clip) နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Video Clip) ပြသခြင်းများ ဆောင်ရွက်သည်။

ဆက်လက်ပြီး မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call For Climate Action) ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်၊ ပန်းချီပြိုင်ပွဲများတွင်း ဆုရရှိသော ကျောင်းသား၊ကျောင်းသူများနှင့် မင်းဘူးခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းနှင့် မူလတန်းအဆင့် ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် ခရိုင်အတွင်းရှိမြို့နယ်များမှ ဆုရကျောင်းများကို ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)