သရက်ခရိုင်တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

သရက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်  အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၇၂ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှ စတင်အခြေပြုခဲ့ပြီးနောက်  ၅၄ နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပြီး “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” “A Global Call for Climate Action” ဟူသောဆောင်ပုဒ်ဖြင့် အဇာဘိုင်ဂျန်နိုင်ငံနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)တို့ ပူးပေါင်း၍ အဇာဘိုင်ဂျန်နိုင်ငံမှ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါကြောင်း လက်ရှိတွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုများကို သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေးနှင့် ညစ်ညမ်းမှများကိုအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗီဒီယိုပြသခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသပေးခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ခရိုင်အတွင်း ခရိုင်အဆင့်သန့်ရှင်း၍စိမ်းလမ်းစိုပြည်သော ကျောင်းအား ခေတ္တဥက္ကဋ္ဌက ဆုချီးမြှင့်ပေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)