ရေတာရှည် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ရန်ကုန်-မန္တလေး လမ်းမကြီးမှ (၃) မိုင်အကွာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာ၊ ထန်းကုန်းကျေးရွာ၊ ဆွာမင်းကျောင်းလမ်း ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်မျိုးမြတ်မြတ်သင်းက ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိရေး၊ အခြေခံထွက်ကုန်သီးနှံများ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ တင်ပို့နိုင်ရေးနှင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးစေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လူသုံးကုန်လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ကျေးရွာနေပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်လမ်းများ ရရှိစေသည့်အတွက် ဖွင့်လှစ်ပေးမည့် သင်တန်းများအား စိတ်ပါဝင်စားစွာ တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားပြီး ညောင်ပင်သာ၊ ထန်းကုန်း၊ ဆွာမင်းကျောင်းလမ်း ကျေးရွာများရှိ ဒေသခံပြည်သူ (၁၉၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)