မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်

မော်လမြိုင် ဇွန် ၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ သင်တန်းသား/ သင်တန်းသူများက အားကစားသိပ္ပံညီနောင်များ သီချင်းဖြင့် သီဆိုတေးသရုပ်ဖော်ကပြဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) အနေဖြင့် ရည်မှန်းချက်ဖြစ်သည့် “အားကစားထူးချွန်၍ ပညာရည်မြင့်မားသော မျိုးဆက်သစ် လူငယ်လက်ရွေးစင်အား ကစားသမားများ မွေးထုတ်ပေးနိုင်ရေး"ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အားကစားထူးချွန်၍ ပညာရေးမြင့်မားသော လူငယ်ကျောင်းသားများကို ပိုမိုမွေးထုတ်ပေးနိုင်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်က အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)၊ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ မွန်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အလှူရှင်များက ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားရှိသည့် အားကစားနည်းများအလိုက် သင်ထောက်ကူပစ္စည်းများနှင့် အားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီးစားပွဲ တင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှု၊ အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် စနစ်တကျကြိုးစားယှဉ်ပြိုင်မှုသည် အဓိကဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး စားပွဲတင်တင်းနစ် အဖွင့်ပွဲစဉ်အဖြစ် အမျိုးသမီးတစ်ဦးချင်း မော်လမြိုင်မြို့နယ်နှင့် ပေါင်မြို့နယ် စာပွဲတင်တင်းနစ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ မွန်ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအား ထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားသမားကောင်း ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန်နှင့် အနိုင်မခံအရှုံးမပေးသည့် ကြံ့ခိုင်သောစိတ်ဓာတ်၊ မလျှော့သောဇွဲ၊ လုံ့လဝီရိယဖြင့် ပြိုင်ပွဲတိုင်းတွင် အနိုင်ရအောင် ရင်ဆိုင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားပြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူက ပြိုင်ပွဲလေ့ကျင့်ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)