ရန်ကုန် နိုဝင်ဘာ ၁၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အရာထမ်းလောင်း(အထူး)သင်တန်း၊ အမှတ်စဉ်(၁၄)၏ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း(၁)၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးရဲနိုင်အား သင်တန်းဆင်းတပ်ခွဲက အလေးပြုခြင်း၊ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား)အဖွဲ့ဝင် ဦးရဲနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အရာထမ်းလောင်းများအနေဖြင့် သင်တန်းဆင်းပြီး သက်ဆိုင်ရာဌာနအသီးအသီးတွင် အတည်ပြုအရာထမ်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍ သိသင့်သိထိုက်သည်များကို ဆက်လက်ဖတ်မှတ်လေ့လာနေရန် လိုအပ်သကဲ့သို့မိမိလက်အောက်ကိုလည်း အသိပညာတိုးပွားစေရေး ပြန်လည်မျှဝေကြရန်လိုကြောင်း၊ “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရသည့် အဓိကကျောရိုးဖြစ်ကြောင်း၊ သင်တန်းသား အရာထမ်းလောင်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို အခြေခံပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာတည်ဆောက်ကြရန်နှင့် လုပ်ငန်းအပေါ်ထားရှိသည့် သစ္စာတရား၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ကို ကိုယ်တိုင်စံပြဖြစ်အောင် လိုက်နာပြီး လက်အောက်ဝန်ထမ်းများ လိုက်နာကျင့်ကြံစေရေး လမ်းညွှန်ပေးကြရန်၊ “ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်း” များနှင့်အညီ ပေးအပ်လာသည့် တာဝန်များကို စေတနာထား၍ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ သင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၁-၁၁-၂၀၂၅ ရက်နေ့တွင် ရတနာသိင်္ဃ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား(၈၈)ဦး၊ သင်တန်းသူ (၁၂၂)ဦး၊ စုစုပေါင်း(၂၁၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ၂၁-၇-၂၀၂၅ ရက်နေ့မှ ၁၂-၁၁-၂၀၂၅ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)