တွံတေးမြို့နယ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တွံတေး နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်းနှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ရွှေဆံတော်စေတီရှိ ဘဏ္ဍာတော်ထိန်းဂေါပကရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာတက်ရောက်လာသူများက မောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော၍အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နာယကဦးနေဝင်၊ ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးအေးကိုတို့က အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့်ဦးမြင့်ချိုတို့က မသိုးသင်္ကန်းရက်လုပ်ပူဇော်မှုနှင့် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားများ ဒေသစာရီကြွချီပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ရပ်ကွက်များအတွင်း  ဝတ်အသင်းအဖွဲ့များအနေဖြင့် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် ကြည်ညိုဖွယ် ဖြစ်အောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့်လည်း ကျရာကဏ္ဍများအလိုက်လစ်ဟာမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကသော ဆပ်ကော်မတီဝင်များကမိမိတို့၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ထားရှိမှုနှင့် အားသာချက်၊ အားနည်းချက်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌနှင့်အတွင်းရေးမှုူးတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)