တိုက်ကြီးမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်းတိုင်းတာ စစ်ဆေး

တိုက်ကြီး   နိုဝင်ဘာ   ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ တောင်သူဦးကြီးများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ‌ဈေးကွက်အတွင်းသို့ လွယ်ကူလျှင်မြန်စွာ သယ်ယူနိုင်စေရေး ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကတိုင်စိန်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။

ကျေးလက်နေပြည်သူများ၏ စပါး၊ ပဲ သီးနှံများ အစရှိသည့် လယ်ယာထုတ်ကုန်များ ရာသီမရွေး သယ်ယူနိုင်စေရေးနှင့် ဈေးကွက်အတွင်းသို့ အချိန်မီရောက်ရှိစေရေးအတွက် ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကတိုင်စိန်ကျေးရွာ၌ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ရန် မြေသားလမ်းအရှည် ၃၅၀၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၁ ပေ ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် ဂဝံလမ်း အရှည် ၃၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)