မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်္ဂလာဒုံ ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး စာကြည့်တိုက်၏ ဥပဓိရုပ်သန့်ရှင်းသာယာလှပမှုအခြေအနေ၊ စာဖတ်သူ/ စာငှားသူများ အဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကလေးကစားကွင်းနှင့် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ အလင်းရောင်စာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုရာ အလင်းရောင်စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးသီဟဘော်ဇံက ပြည်သူများအတွင်း စာပေဖတ်ရှုမှုအလေ့အထကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရေးအတွက် စာဖတ်သူပရိသတ်များ နှစ်သက်သည့် စာအုပ်စာစောင်များကို ဝယ်ယူဖြည့်တင်းပေးထားမှုအ‌ခြေအနေ၊ စာအုပ်စာစောင်အသစ်များ တိုးပွားရရှိစေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စာကြည့်တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာအုပ်စာစောင်များ ငှားရမ်းမှု၊ စာအုပ်စာစောင်များ တိုးပွားရေးနှင့် စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ၊ ပရိဘောဂများ ရေရှည်တည်တံခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်မှုနှင့် ပတ်သက်၍ စာကြည့်တိုက်စီမံခန့်ခွဲထိန်းသိမ်းရေး လက်စွဲစာစောင်ပါအချက်အလက်များနှင့်အညီ တည့်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြည့်စွက်ရှင်းလင်း‌ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း