မိုးနဲ ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ စက်တော်ဘေးမဲ့တောနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ဩဝါဒါစရိယ တုမ်မိုဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ၊ လင်းခေးခရိုင် သစ်တောဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေတိုင်းရင်းသားပြည်သူများ အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသော မြို့နယ်ဩဝါဒါစရိယ ဆရာတော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများကို စိုက်ပျိုးမည့်ပျိုးပင်များ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော အင်အား ၁၀၀ ကျော်တို့က မယ်ဇလီ ၄၀၀ ပင်၊ စိန်ပန်းနီ ၂၀၀ ပင်၊ စိန်ပန်းပြာ ၂၀၀ ပင်၊ မျောက်ငို ၃၀၀ ပင်နှင့်ရေတမာ ၁၀၀ ပင် စုစုပေါင်း ပျိုးပင် ၁၂၀၀ ပင်ကို တပျော်တပါးစိုက်ပျိုးပေးခဲ့ကြသည်။
မိုးနဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့မပျိုးဥယျာဉ်နှင့် နားခံပျိုးဥယျာဉ်တို့တွင် မိုးရာသီစိုက်ပျိုးရန်အတွက် အရိပ်ရသစ်ပင်ပျိုးပင်ပေါင်း ၂၅၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရပြီး၊ အဆိုပါ ပျိုးပင်များကို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းအပြင် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးခြင်း၊ လူထုဖြန့်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်အောင်အောင်ထံမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)