ပုသိမ် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ အတန်းစဉ်အလိုက်ကျောင်းအပ်လက်ခံနေမှုများနှင့် စာသင်ဆောင်များစနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသားသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများစုံလင်စွာထားရှိရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွင် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံနေမှုများ၊ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များတွင် စာသင်ခုံများစနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျောင်းအားကစားကွင်းအဆင့်နှင့် လျော်ညီစွာအသုံးပြုနိုင်ရေးတို့မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ ပေးအပ်ခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)