ကြံခင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်း ကြံခင်းမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်)၌ ကျောင်းအပ်နှံ လက်ခံနေမှုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုူရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်းဦးစီးမှူးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ ကြံခင်းမြို့နယ်၊ ကလို့ ကွင်းအုပ်စု၊ ချင်းမြောင်ကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) သို့သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ခု၊ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုအား ကြည့်ရှု အားပေးပြီး၊ စက်၊ စိုက်၊ မွေး ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံတော်မှ (အခမဲ့)ပေးအပ်သည့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာမကြီးနှင့် စက်၊ စိုက်၊ မွေး ဆရာ၊ ဆရာမများ၊ အခြေခံပညာရှိ ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး သင်တန်းသားရရှိရေးအတွက် ဝိုင်းဝန်းကာ ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)ရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များဖြင့် ပူးပေါင်း၍ လူဦးရေစာရင်းများ၊ ပြောင်းဝင်/ပြောင်းထွက် အိမ်ထောင်စုများ၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများကို မြေပြင်တွင် ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း