မြောင်းမြ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဆန်စက်များ၌မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများအား ယနေ့နံနက်ပိုင်းက မြဟေမာရပ်ကွက် "ဓနထွန်း" ဆန်စက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်မီးသတ် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဦးဇော်မင်း ဦးဆောင်သည့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆန်စက်ဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့်မီး သတ်ယာဉ်/ စက်များဖြင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးနှင့် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် မီးသုံးစွဲရာတွင်သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်၍ အပတ်စဉ် လှုံ့ဆော်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇေယျာ (မြောင်းမြ)