အိမ်မဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ မေလ ၃၀ ရက်နေ့မွန်းလွဲ ၂နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဒွါဒသမအကြိမ် ဗဟိုအဆင့်သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူများအား မြို့အတွင်းသို့ လှည့်လည်ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဒွါဒသမအကြိမ် ဗဟိုအဆင့်သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ကိုရရှိခဲ့သူ အိမ်မဲမြို့နယ် အ.ထ.က(၂) Grade-7 မှ အလယ်တန်းဆင့်ကျောင်းသူ မမေရှင်းသန့်ကျော်နှင့် တစ်မြို့နယ်လုံး ပထမရရှိခဲ့သူ အ.ထ.က(၁) Grade-4 မှ မူလတန်းဆင့်ကျောင်းသား မောင်ကောင်းပြည့်ထက်တို့က ဆုများလက်ခံရယူ၍ အိမ်မဲမြို့နယ်သို့ပြန်လည်ရောက်ရှိခဲ့ပြီး မြို့အတွင်းသို့လှည့်လည်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများက ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြကြောင်းသိရသည်။
စောသန္တာဦး