မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မှော်ဘီ မေ   ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မှော်ဘီမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်အေးဝင်းနှင့် မိခင်ကလေးကျန်းမာရေးဌာနမှ ဆရာမများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်နေပြည်သူများအား ကိုဗစ်(၁၉) pfizer ကာကွယ်ဆေးအား လာရောက်ထိုးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင်ဌာနဆိုင်ရာအတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ မိသားစုသက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများ၊ မှော်ဘီမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများအား ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Pfizer) ကို ရုံးချိန်အတွင်း ထိုး နှံပေးလျက်ရှိကြောင်း၊ မှော်ဘီပြည်သူ့ဆေးရုံကြီး၌လည်း ရုံးချိန်အတွင်း အများပြည်သူများအားလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝင်းဇော်(ပြန်/ဆက်)