မြောင်းမြ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့မွန်းလွဲပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မှုကြိုကလေးများအား အာဟာရ ကျွေးမွေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ၊ ဆေးစိမ်ခြင်ထောင်များနှင့် မူကြိုဝတ်စုံများ ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက မြောင်းမြမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသော မူကြိုကျောင်းမှကလေးများအား ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ကလေးများက ကဗျာများရွတ်ဆို၍ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် မူကြိုကလေးများအား နို့နဲ့ မုန့်အာဟာရများ ကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက သင်ထောက်ကူပစ္စည်းများ၊ မူကြိုဝတ်စုံများနှင့် ဆေးစိမ်ခြင်ထောင်များကို တာဝန်ရှိသူများထံ ပေးအပ်လှုဒါန်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပေးအပ်ပွဲသို့ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး၊ မြောင်းမြခရိုင် မိခင်နဲ့ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်းနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး(မြောင်းမြ ပြန်/ဆက်)