ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်စံပြကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် မေ ၃၀

ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်စံပြကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပထမကျော် (သ.စ.အ)ဓမ္မာစရိယ  သန်လျင် မင်းကျောင်း ဆရာတော်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်နှင့် ရပ်မိရပ်ဖ ဦးတင်ငွေတို့က ဖဲကြိုးဖွင့်လှစ်ကြသည်။

ထို့နောက် ဆရာတော်ကြီးကြီးမှူး၍ ဧည့်သည်တော်ကြီးများမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၏ မွေးရပ်မြေ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားအား က္ကစ္ဆာသယ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပရာ  ကျောင်းသူ/သားလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပထမကျော် (သ.စ.အ) ဓမ္မာစရိယ  သန်လျင်မင်းကျောင်း ဆရာတော်ကြီးက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က ကျောင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖ ဦးတင်ငွေက အခြေခံပညာအလယ်တန်းကျောင်းတိုးမြှင့် ဖွင့်လှစ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်စံပြကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်အတွက် အလှူရှင်များက အလှူငွေများနှင့် စာရေးကိရိယာများ လှူဒါန်း ခဲ့ကြသည်။

၎င်းနောက် အဆိုတော် ရွှေနန်းထက်က “အောင်စေ ပိုင်စေ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခြေခံပညာအလယ်တန်းကျောင်း  ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အလံငယ်များကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ သန်လျင် မင်းကျောင်း ဆရာတော်ကြီးက ဧည့်သည်တော်ကြီးများနှင့် အလှူရှင်များထံသို့ ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရှေးဟောင်း သမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်‌စေတီတော်သို့ ရောက်ရှိဖူးမြော်ပြီး ဆီးမီး၊ ရေချမ်း၊ ပန်းများ ဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)