ဒေးဒရဲ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ညမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းကောက်ယူနေမှုများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုအားပေးခြင်းကို မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ကောက်ကွက်များအလိုက် ကွင်းဆင်းကောက်ယူလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်ချက်များအား သက်ဆိုင် ရာဌာနများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၀) အုပ်စုရှိ နေထိုင်သူများအားလုံးကို (၂၀၂၄)ခုနှစ် စက်တင် ဘာလ (၃၀)ရက်နေ့မှ ညဉ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၉)ဖွဲ့က စာရင်းကောက်ကွက် (၅၅၂)ကွက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tabletဖြင့် (၁.၁၀.၂၀၂၄)မှ (၁၅.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ရာ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များအား သွားလာနေထိုင်စားသောက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
အေဇာလင်း