ပုသိမ် အောက်တိုဘာ ၁
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရောက်ရန် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ စခန်းသွင်းလေ့ကျင့်နေမှုများနှင့် ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ ပညာရတနာခန်းမတွင် ပြိုင်ပွဲဝင်များ၏ ကျေးလက်ရိုးရာအက၊ ကဗျာလွတ်အကနှင့် ချင်းတိုင်းရင်းသား ရိုးအကများဖြင့် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကိုမှာကြား၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်အတွက် မယ်ဒလင်၊ ပတ္တလား၊ စောင်း အတီးပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)