တွံတေးမြို့နယ်၊ အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တွံတေး ဇူလိုင် ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အခြေခံပညာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲကို တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာရှိ အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ချုပ်သူ ဆရာဦးဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာ​ရေးဆရာဝင်းထွဋ်ဦးက အာဇာနည်အကြောင်းသိကောင်းစရာနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို မှတ်မှတ်ရရရှိစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သောခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး၊ အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦး၏အကြောင်းကို ဟောပြောခဲ့ကြသည်။

ထို့နောက် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်ကိုးဦး၏ အထ္ထုပ္ပတ္တိနှင့်သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်မိန့်ခွန်းများပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ပြိုင်ပွဲများကျင်းပရာ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ကျောင်းခန်းများ၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)