အင်္ဂပူ ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာန တို့ ပူးပေါင်းပြီး မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ အမှိုက်များစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက အ-ထ-က)(အင်္ဂပူ)ငုရွှေဝါခန်းမ၌ မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်ကင်းစင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်လာစေရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေထွန်းက ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ မြို့၊ ရွာ၊ ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရန်နှင့် သတ်မှတ်နေရာများတွင် စွန့်ပစ်ရေး၊ အမှိုက်များ ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်စိုးမှ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးတို့အား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေထွန်းနှင့် ဝန်ထမ်းများ၊ အ-ထ-က(အင်္ဂပူ)မှ ကျောင်းအုပ် ဆရာကြီးဦးအောင်မြင့်စိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် "မြို့သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျ အမှိုက်များ စနစ်တကျသိမ်းဆည်းမှုအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့" အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)