မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ( Smart Village ) ဆောင်ရွက်သွားမည်

မြိတ်   ဩဂုတ်  ၃

မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအား ကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (SMART Village)ကို တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဆောင်ရွက်မည့် ဝန်ဖို့ကျေးရွာသည် အိမ်ခြေ(၂၀၀)ကျော်၊ လူဦးရေ(၁၀၀၀)ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး ကျေးရွာသူ/သားများမှ လယ်ယာ/ဥယျာဉ်နှင့် တောင်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း ဆောင်ရွက်ရန်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုတွေ့ဆုံပွဲကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းသည် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစု ငွေကြေးဝန်ဆောင်မှုနှင့် နည်း ပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင်စဖွယ်စံပြကျေးရွာများဖြစ်ပေါ်လာ စေရန်၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များစွမ်း ဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စတင်ပြီးတော့ သက်ဆိုင်ရာဌာနများ စုပေါင်းပြီး (၂)နှစ်အတွင်းမှာ အကောင် အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာန အနေနဲ့မြစိမ်းရောင်၊ Cash for work တို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းတွေကို ဒီနှစ်မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျန်တဲ့ ကုန်ထုတ်လမ်းနဲ့ရေပေးဝေရေး လုပ်ငန်းတွေကို လာမယ့်နှစ် မှာဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးရွာလိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကျွန်တော်တို့ဌာနမှ ဆောင်ရွက်ပေးနိုင်တာတွေကို  ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ထို့အတူသက် ဆိုင်ရာဌာနများမှလည်း ကဏ္ဍအလိုက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။

လူထုတွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က smart village ထူထောင်ခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာသူ/သားများ စိတ်အား ထက်သန်မှု ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ကျေးရွာမှလိုအပ်သည့်လုပ်ငန်းများအား တင်ပြကြရန်နှင့် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှလည်း လိုအပ်သည့်လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားပေးရန်အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးသောင်းအေးက အမှာစကားပြောကြား၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ကျေးရွာအခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်း၊ ကျေးရွာကုန်ထုတ်လမ်း/တံတားများဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အိမ်သွယ်ရေတိုင်စနစ်ဆောင်ရွက်ခြင်း၊  စိုက်ပျိုးရေရရှိ ရေးအတွက် ဆည်မြောင်းတမံများ ပြုပြင်မွမ်းမံခြင်း၊ ယင်လုံအိမ်သာသုံးစွဲမှုမြှင့်တင်ခြင်း၊  ကျေးရွာလျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းများ ပြုပြင်မွမ်းမံခြင်း၊  အသိပညာပေးစင်တာ (Community Center)၊ ကျေးလက်ဈေး၊ ကျေးရွာ အားကစားကွင်း (အပန်းဖြေနေရာ)တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊  ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ အထောက်အပံ့ (သိုလှောင်ရုံ) များဆောက်လုပ်ခြင်း၊  ဒီဂျစ်တယ်အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း၊  ခေတ်မီမွေးမြူရေးခြံများတည်ဆောက်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ကျေးရွာမတည်ရန်ပုံငွေ (မြစိမ်း ရောင်) ထူထောင်ပေးခြင်း၊  အသေးစားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသွင်းအားစုများထောက်ပံ့ခြင်း၊  ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ Mobile paymentနှင့် Digtal Payment စနစ်များဖွံ့ဖြိုးလာစေခြင်း၊ ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်းလုပ်ငန်းများကိုကျေးရွာလူထု၏ အမှန်တကယ်လိုအပ်ချက်များအပေါ်မူတည်၍ သက် ဆိုင်ရာဌာနများမှ ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းကာလ(၂)နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)