ညောင်ဦးမြို့နယ်  ငါ့သရောက်မြို့တွင် စီးပွားဖြစ်နှစ်ရှည်သီးနှံ လျှော်ဖြူစိုက်ပျိုးသူများလာ

ညောင်ဦး ဩဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ငါ့သရောက်မြို့မြို့ပေါ်နှင့်ကျေးလက်တောင်သူများ စီးပွားဖြစ်နှစ်ရှည်ပင်ဖြစ်သော လျှော်ဖြူစိုက်ပျိုးမှုများလာကြောင်း လျှော်ဖြူ ၁၀ ဧကကျော်စိုက်ပျိုးထားသည့် ငါ့သရောက်မြို့ အမှတ်(၂)ထန်းငယ်တောရပ်နေ ဦးအောင်ဆန်းကပြောပြသည်။

ငါ့သရောက်နယ်သည် သီးနှံစိုက်ပျိုးရေးအတွက် မိုးရာသီကိုသာမှီခိုအားထားစိုက်ပျိုးရေးလုပ်ကိုင် နေရသော မိုးခေါင်ရေရှားဒေသဖြစ် သည်။တနှစ်ပတ်လုံး မိုးရေချိန်နှစ်ဆယ်လက်မအောက်ဟုဆိုသော်လည်း တနှစ်ပတ်လုံး ဆယ်လက္မပတ်ဝန်းကျင်သာမိုးကျလေ့ရှိသော ဒေသဖြစ်ကြောင်း မြို့မိ မြို့ဖ ဦးသိန်ဆွေကပြောပြသည်။ ငါ့သရောက်မြို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်း၊ မြေပဲသီး နှံမရသည့်နှစ်ကလည်း ဆယ်စုနှစ်တခုရောက်ရှိနေပြီဖြစ်ကြောင်း သန်မာထွားကြိုင်းသောအမျိုး သားလေးများ ပြင်ပထွက်အလုပ်လုပ်နေကြပြီး ထန်းတောင်သူများနှင့်စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများတဖြည်းဖြည်းပြည်ပနိုင်ငံများသို့ ထွက်ရောက်အလုပ်လုပ်ကိုင်နေသည့် အရေအတွက်သည်ပင် အချို့သောရွာများ အမျိုးသားရွာထဲမကျန်သလောက် ပြင်ပထွက်အလုပ်လုပ်နေသည် မှာ အနာဂတ်စိုက်ပျိုးရေးအတွက် စိုးရိမ်ရသည့် အနေအထားနှင့် ရာသီဥတုဖောက်ပြန်မှုက ကျေးလက်နေတောင်သူများ ရွေးချယ်စိုက်ပျိုးရမည့်သီးနှံများကို နှစ်ရှည်သီးနှံပင်များရွေးချယ်စိုက်ပျိုး လာခြင်းက စွန့်စားမှုတစ်ရပ်ဖြစ်လာကြောင်း လျှော်ဖြူစိုက်ပျိုးထားသည့်   ဦးအောင်ဆန်းကပြောပြ

သည်။

လျှော်ဖြူစိုက်ပျိုးရာတွင်လည်း ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ဆည်ပေါက်စိုက်ပျိုးရေး ပျိုးပင်အ ရောင်းဆိုင်များမှ အနည်းအကျင်းဝယ်ယူကြသလို ဝမ်းတွင်းမြို့၊သဲတောနယ်ဘက်မှ လျှော်ဖြူမျိုးစေ့ များ ကိုယ်တိုင်ကိုယ်ကျသွားရောက်ဝယ်ယူကာ ပျိုးထောင်(မျိုး)ကာ ပျိုးသန့် မျိုးသန့်စိုက်ပျိုးမှုများလာကြောင်းသိရသည်။သဲတော-ဝမ်းတွင်းမြို့များမှ ရောင်းချသည့် လျှော်ဖြူမျိုးစေ့များ တစ်ပြည်လျှင် တစ်သောင်းငါးထောင်ကျပ်ဖြင့် ဝယ်ယူကာပျိုးထောင်ပြီး စိုက်ပျိုးကြောင်းသိရကာ အချို့လျှော်ဖြူပျိုးစေ့ တစ်ပြည် ငါးထောင်ကျပ်ဖြင့်ရသော်လည်း ပျိုးထောင်ပြီး ပြန်လည်ရောင်းချသူများသာ ဈေးချိုတန်ဝယ်ယူပြီး ပျိုးထောင်ရောင်းချကြောင်း ဆည်ပေါက်ကျေးရွာ The Tree ပျိုးပင် စုံရောင်းဝယ်ရေးမှ မဖူးဖူးကပြောပြသည်။

ငါ့သရောက်မြို့နယ်တွင် ဧကများများစိုက်ပျိုးမည့်သူများသည် ပျိုးပင်များဝယ်ယူမစိုက်ပျိုးဘဲ လျှော်ဖြူမျိုးကောင်းမျိုးသန့် ပျိုးစေ့များ ကိုယ်တိုင်ဝယ်ယူပျိုးထောင်ကာစိုက်ပျိုးကြကြောင်းသိရပြီးလျှော်ဖြူစေ့ပျိုးထောင်ပြီး သုံးလခွဲလေးလရောက်လျှင် စိုက်ခင်းစိုက်ပျိုးမည့်မြေကျင်းများသို့ရွေ့ကာစိုက်ပျိုးကြောင်းသိရသည်။ ငါ့သရောက်မြို့နယ်သည် ဇူလိုင်လနှင့်ဩဂုတ်လနှစ်လသည် နှစ်တိုင်းမိုးပုံမှန်ရွာသွန်းသည့်လဖြစ်ခြင်းကြောင့်နှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်အသင့်တော်ဆုံးလဖြစ်ကြောင်းဦးအောင်ဆန်းမှပြောပြသည်။ လျှော်ဖြူစိုက်ပျိုးရာတွင် ကွက်စိပ်ဆယ့်ခြောက်ပေပတ်လည် ကျင်းတူးကာ စိုက်ပျိုးပြီးလျှော်ဖြူပင်များအား နှစ်ပတ်ခန့်အထိရေလောင်းပေးကြောင်း  လျှော်ဖြူ ပင်သည်ဥပါသည့်အပင်ဖြစ်ပြီး ပင်ကြီးအမျိုးအစားဖြစ်ခြင်းကြောင့် ရာသီဉတုပူပြင်းသည့်ဒဏ် ခံနိုင်ကာတော်

ယုံဖြင့်မသေကြောင်း သိရသည်။ ငါ့သရောက်မြို့တွင်နှစ်ရှည်စိန်တစ်လုံးသရက်စိုက်ပျိုးခြင်းနှင့် လျှော်ဖြူနှစ်ရှည်ပင်များစိုက်ပျိုးမှုများလာခြင်းကြောင့် ရာသီဥတုကောင်းမွန်လာဖို့ တစ်ထောင့် တစ်နေရာမှအကျိုးပြုတော့မည်ဖြစ်ကာ လျှော်ဖြူစေးထုတ်နိုင်သည့် အဆင့်ရောက်လျှင်တော့ လျှော်ဖြူစေးထုတ်ယူပုံများနှင့်ဈေးကွက်အနေအထားများကို ကိုယ်တိုင်သွားရောက်လေ့လာမည်ဖြစ်ကြောင်း လျှော်ဖြူစိုက်တောင်သူများထံကသိရသည်။

ကိုကြေးမုံ