မိုင်းပန် ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့မ)ကျောင်း၌ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း မြေသန့်မင်္ဂလာပန္နက်ရိုက်အခမ်းအနားကို ယနေ့နံနက် (၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မွေတော်ပရိယတိ္တစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကောဝိဒါစာရဘိပါလ (ဂန္ထဝါစကပဏ္ဍိတ)ထံမှ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး (၅)ပါး သီလခံယူခြင်း၊ မြေသန့်မင်္ဂလာအတွက် ဆရာတော်သံဃာတော်များ ရွတ်ပွား သရဇ္ဇျယ်တော်မူအပ်သော ပရိတ်တရားတော်များနာယူခြင်း၊ အန္တရာယ်ကင်းဝေးကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်ခြင်း၊ ကျောင်းအုပ် ဆရာမကြီးမှ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ကျင်းပ ပြုလုပ်ခဲ့ပြီး နံနက်(၇)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်းဆွေ၊ မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနွဲ့တို့မှ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား မြေသန့် မင်္ဂလာပန္နက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်သည် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရံပုံငွေဖြင့် (၂၁၀×၃၀)ပေ RCC (၂ထပ်) ကျောင်းဆောင်သစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းကျောင်းဆောင် သစ်အား (ပွင့်ဖြိုး) ဆောက်လုပ်ရေးကုမ္ပဏီမှ (၂၀.၇.၂၀၂၂)ရက်နေ့မှ စတင်တာဝန်ယူတည် ဆောက်နေပြီဖြစ်ပြီး (၃၁.၁.၂၀၂၃) ရက်နေ့အတွင်းအပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်ကေသီလွင်ထံမှသိရသည်။
မိုင်းပန်(ပြန်/ဆက်)