မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန် ပိုမိုထုတ်လုပ် တိုးတက်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်း အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြိတ်ကုန်သွယ်ရေး စခန်းတာဝန်ခံက ကုန်သွယ်ရေး စခန်းအနေဖြင့် ကုန်သွယ်လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲတွေကို OSS အဖွဲ့ဝင်ဌာနများနှင့် မိတ်ဖက်ဌာနဆိုင်ရာများမှ တစ်နေရာတည်းတွင် ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်နှင့် မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု ပို့ကုန်/သွင်းကုန် လုပ်ငန်းလျာထားချက်နှင့် ကုန် သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်သွယ်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှု အခက်အခဲများကို ဆွေးနွေးပေးကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုန်သွယ်လုပ်ငန်းဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
မြိတ်ကုန်သွယ်ရေး စခန်းအနေဖြင့် ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ပို့ကုန်လျာထားချက် အမေရိကန် ဒေါ်လာသန်း (၅၀)နှင့် သွင်းကုန်လျာထားချက် အမေရိကန် ဒေါ်လာသန်း (၉၀) လျာထားခဲ့ရာ ဘဏ္ဍာရေးနှစ်၏ လျာထားချက်အပေါ် ဧပြီလမှ ဇူလိုင်လကုန်အထိ ပို့ကုန် (၄.၁၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၂၇.၈၂၁) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ (၃၁.၉၃၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြိတ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )