မောက်မယ် သြဂုတ် ၃
ကျေးလက်နေပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စုသို့ ယမန်နေ့နံနက်(၁၀)နာရီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မောက်မယ်−နမ့်လွတ်−ကဒူးလေး လမ်းပေါ်ရှိ နမ့်လွတ် အမှတ်(၁) သစ်သားတံတား(၁၂၀)ပေသည် မိုးသည်းထန်စွာ ရွာသွန်း၍ နမ့်ယွန်းချောင်းရေတက်ချိန် ချောင်းရေတိုက်စားမှုကြောင့် အဆိုပါတံတား၏ ပျက်စီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာမှုအဆင်ပြေစေရေးနှင့် တံတားအားအမြန် ပြန်လည်ပြင်ဆင် ဆောက်လုပ်ခွင့်ရရှိရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(နတလ)ဌာနမှ တာဝန်ရှိသူများနှင့် နမ့်လွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်ပါကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)