ခေတ်အဆက်ဆက် ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာခြင်းကြောင့် ပျောက်ကွယ်တော့မည့် အခြေအနေ ရောက်ရှိလာ

ညောင်ဦး  ဩဂုတ်  ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)တောင်ကုန်းရပ်ရှိ ခေတ်အဆက်ဆက် ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေကြောင်း ရိုးရာအိုး အမျိုးမျိုးလုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဆွေက ပြောပြသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ယခင်တောင်ကုန်းကျေးရွာသည် မည်သည့်ခေတ်က အိုးလုပ်ငန်း လုပ်ကိုင်ခဲ့သည်ကို ယနေ့အချိန်ထိ မည်သူမှမသိရှိဘဲ တောင်ကုန်းကျေးရွာ မြောက်ထိပ်၊ တောင်ထိပ်၊ အရှေ့ထိပ်ရှိ အိုးဖိုကုန်း (အိုးဖုတ်ကုန်း) တောင်ကုန်းကြီးမြင့်မားနေခြင်းက ခေတ်အဆက်ဆက် အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သည်ကို ဖော်ညွှန်းနေပေသည်။ တောင်ကုန်းကျေးရွာတစ်ရွာလုံးရှိ အိမ်တိုင်းတွင် အိုးလုပ်စက်(အိုးပြင်လှည့်) ရှိကြပြီး အိုးလုပ်ငန်း မလုပ်သည့် အိမ်မရှိကြောင်း၊ ကျေးရွာပတ်လည်ရှိ ရေကန်ပတ်ဝန်းကျင် မြေသားများအား အိုးလုပ်ငန်းအတွက် သယ်ဆောင်ပြီး အိုးလုပ်ငန်း တစ်နှစ်စာအတွက် အချို့က ဝယ်ယူစုဆောင်းကြခြင်း၊ အချို့က အိမ်ရှိနွားလှည်းများဖြင့်ဝယ်ယူ စုဆောင်းကြကြောင်း၊ နွားလှည်းမရှိသူများက ဖောကားများ၊ ထော်လာဂျီများငှားကာ အိုးလုပ်ငန်းသုံးရန် မြေဝယ်ကြကြောင်း သိရသည်။ တောင်ကုန်းကျေးရွာသူရွာသားများမှာ အိုးလုပ်သည့် မြေအမျိုးအစား မြင်ရုံ၊ ကိုင်ကြည့်ရုံဖြင့် မြေနက်၊ ရွံ့စေးမြေ စသည်ဖြင့် သိရှိကြပြီး အိုးလုပ်ရာတွင်လည်း ကလေးငယ်မှအစ လူတိုင်းမြေနယ်ခြင်း၊ မြေသန့်ခြင်းများ ပြုလုပ်နိုင်ကြကာ အိုးပြင်စက်(အိုးပြင်လှည့်)စက်သာ လူတိုင်း မလုပ်နိုင်ကြောင်း တောင်ကုန်းကျေးရွာ အိုးလုပ်ငန်းလုပ်ကိုင်သည့် ဦးနေလင်းက ပြောပြသည်။

တောင်ကုန်းကျေးရွာတစ်ရွာလုံး ခေတ်အဆက်ဆက် အိုးလုပ်ငန်းလုပ်ကိုင်လာခဲ့ကြရာ ထန်းဆွဲမြူအိုး၊ ပြာသိုသောက်ရေအိုး၊ ဟင်းပြင်ချက်အိုး ၊မြေသားစုဘူး၊ မုန့်ပြားသလက်အိုးခင်း၊ မြန်မာ့ရိုးရာထန်းလျက်ချက်  အရက်ပေါင်းအိုး၊ မြေသား ပန်းအိုး၊ မြေသားရေဆေးဇလုံ၊  မြေသား ဘုရားပန်းအိုး၊ ကောက်ညှင်းပေါင်း မြေသားအိုးနှင့်အိုးပုတ် ချိုးရုပ် အမျိုးမျိုးပြုလုပ်ကြကြောင်း သိရသည်။ ခေတ်အဆက်ဆက် ထန်းဆွဲမြူအိုး အမြောက်အများ ထုတ်လုပ်ခဲ့ရာမှ ယခုအခါ ထန်းဆွဲမြူအိုးများ တစ်နှစ်ပတ်လုံး မလုပ်ကိုင်ရတော့ဘဲ နတ်တော်၊ ပြာသို၊ ထန်းပိုတွဲ၊ တပေါင်းလများ အထိသာ ထန်းဆွဲမြူအိုး လုပ်ကိုင်ရတော့ကြောင်း သိရသည်။ တစ်နှစ်ပတ်လုံး ထန်းဆွဲမြူအိုး လုပ်ငန်းသည် တစ်ချိန်က နှစ်ပတ်လည်လုပ်ကိုင်ခဲ့ရသည့် အိုးလုပ်ငန်းသည် ယခုအခါ ထန်းတက် လုပ်သားရှားပါးလာခြင်းကြောင့် ထန်းဆွဲမြူအိုး လုပ်ငန်းသည်လည်း တဖြည်းဖြည်း လုပ်ကိုင်မှု လျော့ကျလာကာ အခြားအိုးလုပ်ငန်းများလည်း ပလပ်စတစ်ပန်းအိုး ပန်းခြင်း၊ ဒန်၊ သတ္တု၊ စတီးလ်အိုးများကို ဈေးကွက်မယှဉ်နိုင်ဘဲ ထုတ်လုပ်မှုလျော့ကျလာကြောင်း တစ်နှစ်ပတ်လုံး အိုးလုပ်ငန်း လုပ်ကိုင်သည့် တောင်ကုန်းကျေးရွာ ဦးမြင့်ဆွေက ပြောပြသည်။

တစ်နှစ်ပတ်လုံး အိုးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် တောင်ကုန်းကျေးရွာတွင် ပြာသိုသောက်ရေအိုးသာ တစ်နှစ်ပတ်လုံးပြုလုပ်ကြကြောင်း သိရပြီး ပြာသိုသောက်ရေအိုး တစ်နှစ်ပတ်လုံးလုပ်သည့် အိမ်လည်း လေးငါးအိမ်ခန့်သာ ရှိတော့ကြောင်း ဝါခေါင်၊ တော်သလင်း၊ သတင်းကျွတ်လများတွင် ပြာသိုအိုးများကို ရသလောက်လုပ်ထားကာ ပွင့်လင်းရာသီ ရောက်ရှိလျှင် ရသလောက် လှောင်ထားသည့် အိုးများကို အိုးဖိုကုန်း(အိုးဖုတ်)ကုန်းတွင် အိုးဖို(အိုးဖုတ်)ကြကြောင်း ဦးနေလင်းက ပြောကြားသည်။

တောင်ကုန်းကျေးရွာထွက် အိုးများသည် အရည်အသွေး ကောင်းမွန်ခြင်းကြောင့် တောင်ကုန်းကျေးရွာအထိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ တောင်သာမြို့နှင့် တောင်းဇင်းကျေးရွာ၊ တက်မကျေးရွာများမှ အိုးကုန်သည်များက ကားများဖြင့် လာရောက် ဝယ်ယူကြကြောင်းသိရပြီး တောင်းကုန်းကျေးရွာ တစ်နှစ်ပတ်လုံးလုပ်သည့် အိုးလုပ်ငန်းတဖြည်းဖြည်း လျော့နည်းလာကာ ခေတ်အဆက်ဆက် ရိုးရာအိုးလုပ်ငန်း ပျောက်ကွယ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အိုးလုပ်ငန်းရှင်များထံက သိရသည်။

ကိုကြေးမုံ