ပုဗ္ဗသီရိ ဩဂုတ် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်-၂ ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ၌ " ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါမှာ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်း တွေသာမက မိသားစုဝင်ငွေတိုးပွားရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိရေး၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ မူဘောင်ပါလုပ်ငန်း စဉ်တွေနဲ့ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နဲ့ Cash For Work (CFW) စီမံကိန်းတွေကို ပုဗ္ဗသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာ (၇၄)ရွာအနက် ကျေးရွာတွေရဲ့ အမှန်တကယ်လိုအပ်ချက်၊ ကျေးရွာတွေကတင်ပြလာတဲ့ တင်ပြချက်နဲ့ VDP စီမံကိန်း/CFW စီမံကိန်း ကျေးရွာရွေးချယ်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ သတ်မှတ် ညွှန်းကိန်းများနဲ့ ပြည့်မီကိုက်ညီတဲ့ ကျေးရွာတွေကိုရွေးချယ်ပြီး ဘဏ္ဍာနှစ်အလိုက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှကျေးရွာရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကနေရရှိတဲ့ ရန်ပုံငွေဟာဆိုရင် ကျေးရွာတစ်ရွာလုံးနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် စီမံကိန်းကော်မတီအဖွဲ့အနေနဲ့လည်း ကိုယ်ကျိုးမဖက် အများအကျိုး/ ရပ်ရွာအကျိုးအတွက် သမာသမတ်ကျကျနဲ့ ပရဟိတစိတ်အ ခြေခံဆောင်ရွက်ပေးဖို့လိုကြောင်း"ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်-၂ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာနှင့် Cash For Work စီမံကိန်းကျေးရွာများအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာကော်မတီဝင်များမှ လက်ခံရယူခဲ့ကြပါသည်။
အဆိုပါရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်-၂ ဦးဇေယျာလင်း၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စီမံကိန်းကျေးရွာများမှ ကျေးရွာကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြကြောင်း သိရှိရပါသည်။
မျိုးသီဟ(ပြန်/ဆက်)