ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒိုက်ဦးမြို့သို့ရောက်ရှိ၍ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား Software Program အတွင်း ကွန်ပျူတာဖြင့် ထည့်သွင်းနေမှုအား ကြည့်ရှူအားပေးခဲ့ပြီး တောင်သူများအား ဓာတ်မြေသြဇာထောက်ပံ့ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လိုက

ဒိုက်ဦး ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုဝေးခန်းမ၌ အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆)အား Software Program အတွင်း ကွန်ပျူတာဖြင့် ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒိုက်ဦးမြို့နယ်အတွင်း တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးချုပ်သည်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ  ဒိုက်ဦးမြို့နယ်၊ ပေါက်တ ကျေးရွာ မျိုးသန့်ခြံသို့ရောက်ရှိခဲ့ရာ မျိုးသန့်ခြံလုပ်ငန်းဆိုင်ရာ အချက်အလက်များအား မျိုးသန့်ခြံ တာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်တော်သီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စုနှင့် ကတုတ်ဘုရားကြီးကျေးရွာအုပ်စုတို့ရှိ နွေစပါးစိုက်တောင်သူ(၈၄)ဦးအတွက် ဓါတ်မြေဩဇာ (၂၀၂)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တစ်နှစ်(၃)သီးစား စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးစိုက်ပျိုးရေရရှိရေးနှင့် ဒေသကြက်မွေးမြူနိုင်ရေးတို့ကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးခြံအတွင်း ဒေသခံတောင်သူများအတွက် မှော်ဘီ(၃)နှင့်ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း (၆၅)ဧကအား  လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စုရှိ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၁၀)ဧက၌ သဘာဝမြေဩဇာ ကြဲပက်နေမှုနှင့် ဓာတုကင်းလွတ် ရွက်ဖြန်းပိုးသတ်ဆေးဖြန်းနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ရက်တိုပြီး အထွက်နှုန်းတိုးသည့် စပါးမျိုး ကောင်းမျိုးသန့်ရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအရှေ့ကျေးရွာ၊ တောင်သူ ဦးမောင်ကြီး၏ ဖရီရှန်မျိုး နို့စားနွားကောင်ရေ(၃၀) မွေးမြူထားရှိမှုနှင့် ခွာနာလျာနာ ကာကွယ်ဆေးထိုးပေးနေမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုး နိုင်ရေးနှင့် မွန်ဘားဆား နွားစားမြက်မျိုးစေ့ထုတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

မြို့နယ်(ပြန်/ဆက်)