မိတ္ထီလာမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိတ္ထီလာ သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း အသိပညာဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွန်ပျူတာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)မှ ဒုရဲမှူး သိန်းထိုက်က ပြည်တွင်း/ပြည်ပသို့ ပို့ဆောင်ကျူးလွန်လျှက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများနှင့် အသစ်ပြဋ္ဌာန်းထားသော လူကုန် ကူးမှုတားဆီးနှိမ်းနင်းရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းတို့ကို ဟောပြောခဲ့သည်။ ၎င်းနောက် အမှတ်(၅၅) မူးယစ်ဆေးဝါးတားဆီး နှိမ်းနင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲမှူး စိန်အောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ပြီး အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲအုပ်အေးမင်းသန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။ ယင်းနောက် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)မှ တပ်ဖွဲ့ဝင်များက ၎င်းအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ လှိုင်ဖြူဖြူမွန်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)