နတ်မောက် ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-လက္ခပ္ပင်ကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းများ စျေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့်ဆောင်းရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန်ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၂) လအကြာတွင် ဖူးစပြုပြီး (၃) လ အကြာတွင် ခုတ်၍ရောင်းချရသည်။ လက်ရှိဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေးတစ်ဖူးလျှင် ၂၀၀ ကျပ် လက်ကားစျေးတစ်ဖူးလျှင် ၁၈၀ ကျပ် ရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်စေသည်။ ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ (၃) မျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာအသုံးပြုစိုက်ပျိုးကြသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် ကျဲပတ်ခြင်း၊ အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမို ကြီးထွားသန်မာစေသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် အပင် (၁၀၀၀) ခန့်ထွက်ရှိပြီး တစ်ပင်ကို (၃) ဖူးအထိဖူးကြောင်း န-လက္ခုပ္ပင် ကျေးရွာနေ ဖူးစားပြောင်း စိုက်ပျိုးရောင်းချသူ ဒေါ်လှခင်ထံမှ သိရသည်။
မူမူစန်း