ကျွန်းလှ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးရာသီ သီးနှံမျိုးစုံ ၆၆၄၄၇ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သီးနှံမျိုးစုံ စိုက်ပျိုးရန် ၁၀၃၄၀၁ ဧကလျာထားကြောင်း၊ ယနေ့အထိ မိုးစပါး ၂၄၀၄၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ ၇၂၇၀ ဧက၊ အခြားသီးနှံ ၁၆၀၈၄ ဧက၊ ပရဆေး ၅၈၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးပြီးစီးကြောင်း၊ လျာထားချက်ပြည့်မီရန် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
အဆိုပါ မိုးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ