ဟိုပန် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် အထွက်ကောင်းစပါးမျိုးများ၏ အရည်အသွေးကိုသိရှိ၍ ၎င်းစပါးမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးလာတတ်စေရန်နှင့် စပါးအထွက်နှုန်း တိုးလာခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီ က မိုးစပါးလယ် အရည်အသွေးကောင်းစပါးမျိုးသုံးမျိုးအား မျိုးသန့်ပညာပေးစံပြကွက်၌ လက်တွေ့ကွင်းဆင်း စိုက်ပျိုးပြသခဲ့သည်။
ကွင်းဆင်းစိုက်ပျိုးရာတွင် ရှမ်းပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုအစီအစဉ်နှင့် ဟိုပန်ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများက အရည်အသွေးကောင်း မိုးလယ်စပါးမျိုးများဖြစ်သည့် ဘာစမာတီစပါးမျိုး၊ ခေါက်နမ်ခမ်းစပါးမျိုးနှင့် (၈၈၁) မွှေးစပါးမျိုးစသည့် စပါးမျိုးသုံးမျိုးအား နောင်မိုကျေးရွာရှိ တောင်သူ ဦးဆန်အိုက် လယ်မြေတစ်ဧကခွဲ၌ အရည်အသွေးကောင်းစပါးမျိုးသုံးမျိုး မျိုးသန့်ပညာပေးစံပြကွက်၌ လက်တွေ့စိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရည်အသွေးကောင်းစပါးမျိုးသုံးမျိုးကို ဇွန်လ(၂၅)ရက်နေ့က ပျိုးထောင်ပြီး ပျိုးသက်(၂၈)ရက်သား ယနေ့တွင် မျိုးသန့်စိုက်ပျိုးပြသခဲ့ရာ ဟိုပန်မြို့နယ်အတွင်းရှိ ကျေးရွာနေ စပါးစိုက်တောင်သူ(၁၅)ဦးခန့် ကြည့်ရှု့လေ့လာခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)