ဒေးဒရဲ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များနှင့် ပေါင်းစပ်၍ လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ကစတင်၍ Door to Door စနစ်ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၃)ခုရှိ အိမ်ထောင်စုပေါင်း (၂၈၆၀)စုရှိ ပါဝင်သူများထဲမှ သေဆုံးသူများ ပယ်ဖျက်ခြင်း၊ မွေးဖွားသူများကို မွေးစာရင်းတိုး ဆောင်ရွက်ခြင်း၊ အကွက်အပေါက်ဖြည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုဝင် (၉၄၇၄)ဦးအနက် (၁၈)နှစ်အထက် နိုင်ငံသားကတ်မရှိသူ (၁၁၀)ဦး၊ နိုင်ငံသားနံပါတ်ထပ်နေသူ (၈)ဦး၊ မွေးဖွားရက်ထပ်နေသူ (၅)ဦးနှင့် သေဆုံးသူ (၉၃)ဦးအား စာရင်းမှပယ်ဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း