ကျောက်တံတားမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် အထူသန့်ရှင်းရေးဆောင်ရွက်

ကျောက်တံတား ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် အထူးသန့်ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)လမ်းမကြီးတစ်လျောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းဆိုးတန်းလမ်းမကြီးတစ်လျောက်တွင် အမြင်မတင့်တယ်သော သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်းနှင့် ရေစည်ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေး အတွက် အဘိတ်ဆေးများခတ်ပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန် ခေါင်းဆောင်သော အဖွဲ့ဝင်များဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စုစုပေါင်းအင်အား ၈၀ ခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)