ရှမ်းရွာသစ် ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ဒေသနေပြည်သူများသည်တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များ တူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောတောင်များတွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်နေသာ မျှစ်များသည် မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လတွင် အများဆုံးထွက်ရှိပြီး မျှစ်များပေါ်ချိန်ရောက်လျှင် ဒေသနေပြည်သူများသည် အုပ်စုဖွဲ့ပြီး မျှစ်များတူးဖော်ရောင်းချကြောင်း၊ သဘာဝအတိုင်း ပေါက်ရောက်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ လတ်ဆတ်ပြီး အရသာပိုမိုကောင်းမွန်သောကြောင့် မြို့အနီးရှိကျေးရွာများနှင့် ဒေသနေ ပြည်သူများ နှစ်ခြိုက်စွာဝယ်ယူစားသုံးကြောင်း၊ မျှစ်စိမ်း(၅)ချောင်းပါတစ်ထုပ်လျှင် ငွေကျပ်(၅၀၀) ကျပ်ရရှိကြောင်း၊ ဆန်တစ်တင်းဝင်အိတ်ဖြင့် ဝယ်ယူလျှင် ငွေကျပ်(၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ဖြင့် ရရှိကြောင်း၊ မြို့အတွင်းရှိ စားသုံးသူအများစုသည် မျှစ်များပေါ်ချိန်ရောက်လျှင် တစ်နှစ်ပတ်လုံး တာရှည်စွာ စားသုံးရန်အတွက် တစ်ပိုင်တစ်နိုင် မျှစ်ချဉ်ပြုလုပ်ခြင်းနှင့် မျှစ်များကို မိနစ်အနည်းငယ် ခန့်ပြုတ်ပြီး ပလက်စတစ်အိတ်ဖြင့် ထုတ်ပိုးကာ ထားသိုကြကြောင်း၊ စားသုံးသူများစွာ ကြိုက်နှစ်သက်သောကြောင့် မျှစ်များတူးဖော်ရောင်းချပြီး အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေကြကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် တောင်ယာနှင့် လယ်ယာစိုက်ပျိုးသည့် လုပ်ငန်းအပြင် ဥယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင် ကျွဲ၊ နွား၊ ဝက်၊ ဒေသကြက်နှင့် ဆိတ်များကို မွေးမြူသည့်လုပ်ငန်းနှင့် ရာသီစာသီးနှံများကို ခူးဆွတ်လုပ်ကိုင်သည့်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)