ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးကြည်မင်း၊ ဦးကျော်မျိုးနှင့် ဦးခင်မောင်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး စိုးညွန့်၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ (၁၀)ခုမှ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

အစည်းအဝေးတွင် ဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၇/၂၀၂၀ ဖြင့် “ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ”ကို (၁၂)ဦးဖြင့် လည်းကောင်း၊ “ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီ” ကို  (၁၈)ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၃)ရပ် ချမှတ်ပေးထားပါကြောင်း၊ ဦးစီးကော်မတီ၏ လမ်းညွှန်ချက်များကို ဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၀)ခုကို လုပ်ငန်းတာဝန်များ သတ်မှတ်ကာ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့တွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက် ချမှတ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း။

ယခုနှစ်တွင် ကျင်းပမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျဖြစ်သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ  Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါကပ်ရောဂါကို စနစ်တကျ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် ကာလလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ” နှင့် “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန” က ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီး ကိစ္စရပ်အနေဖြင့် ထည့်သွင်းစဉ်းစားရမည့်အပြင် ဆောင်ရန်/ရှောင်ရန်များကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခမ်းအနား ကျင်းပမည့် နေရာများအားလုံးတွင် ကြိုတင်၍ ပိုးသတ်ဆေးများ ဖျန်းထားရန်၊ အဆိုပါနေရာများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်ပါသဖြင့် ၎င်းတို့အား ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် အခမ်းအနားကျင်းပရာတွင်လည်း “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ” က သတ်မှတ်ထားသည့် Social Distancing နှင့်အညီ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းမှာ ဗုဒ္ဓဘုရားရှင်လက်ထက် ဗုဒ္ဓသာသနာအစောပိုင်းကာလတွင် မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာ တော်များကို သုံးထည်သော သင်္ကန်းကိုသာ ဝတ်ရုံသုံးစွဲရန် ခွင့်ပြုတော်မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် သတ်မှတ်ခွင့်ပြု ပေးတော်မူခဲ့သော ဝါတွင်းကာလသည် မိုးတွင်းကာလ ဖြစ်သဖြင့် ခရီးသွားရင်းမိုးမိခဲ့ပါက ရေစိုသင်္ကန်းလဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်းမရှိသောကြောင့် ရဟန်းသံဃာတော်များ အဆင်ပြေစေရန်အတွက် သာဝတ္ထိပြည်၊ ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါက ဘုရားရှင်ထံ “မိုးရေခံသင်္ကန်း” ဆက်ကပ်လှူဒါန်းခွင့်လျှောက်ထားရာမှ မိုးရေခံသင်္ကန်းသုံးစွဲခွင့်ကို ဘုရားရှင်က ဝိနည်းသိက္ခာပုဒ် နှစ်ခုပညတ်၍ သုံးစွဲရမည့် ကာလနှင့် အတိုင်းအတာ အရွယ်အစား ပမာဏတို့ကို ခွင့်ပြုပေးတော်မူခဲ့ပါကြောင်း။

ထိုကဲ့သို့ မိုးရေခံသင်္ကန်း လှူဒါန်းလေ့ရှိခဲ့ကြရာမှ နောင်တွင် ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူကြသော ရဟန်းတော်တို့အား လှူဒါန်းကြသည့်အတွက် “ဝါဆိုသင်္ကန်း” ဟူသော အခေါ်အဝေါ်ကို ပြောင်းလဲသုံးစွဲလာကြပါကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲသည် ဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက် ဝါဆိုပွဲတော်တစ်ခုဖြစ်ပြီး ဝိနည်းတရားတော်နှင့် အညီ လှူဒါန်းခွင့်ရသည့် သင်္ကန်းအလှူဖြစ်သောကြောင့် မွန်မြတ်သည့်အလှူဟု ခေါ်ဆိုရမည် ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်းတို့တွင် သင်္ကန်းလှူဒါန်းကြရသူများသည် “ရွှေရောင်အဆင်း၊ ညစ်ကြေး ကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစသား၊ ဝတ်ထည်များကို၊ ဆင်မြန်းရခြင်း” စသော အကျိုးထူးများ ခံစားရရှိနိုင်ပြီး "မျက်မှောက်ဘဝ၌ပင် သောတာပန်နှယ် ဂုဏ်ရည်ကြွယ်၍ အပါယ်ဘေးမှ လွတ်ကင်းနိုင်ကြောင်း"ကိုလည်း ကျမ်းဂန်အဆိုအမိန့်များအရ သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သံဃာ့ဥသျှောင် ဆရာတော်ကြီးများအား နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း (ဝါဆိုသင်္ကန်း) ဆက်ကပ်ရန် ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓအလိုကျ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း။

ယခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၂၅ ပါး၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ၁၁ ပါး စုစုပေါင်း ၃၆ ပါး ပင့်ဆောင်မည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ နေပြည်တော်သို့ ကြွရောက်ရာတွင်လည်းကောင်း၊ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည် ကြွရောက်ရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ သီတင်းသုံးမည့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ သံဃာရာမကျောင်းဆောင် (၄)ဆောင်တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးစီစဉ်ပေးရန်၊ ပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်တင့်တယ်စေရန်နှင့် ဝေယျာဝစ္စ ဆောင်ရွက်မည့် ကပ္ပိယကာရကများကိုလည်း ကျန်းမာရေးဆေးစစ်မှုများ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် “လုံခြုံရေးဆပ်ကော်မတီ” အနေဖြင့် အခမ်းအနား ကျင်းပမည့်နေရာများတွင် လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် (၁၁)ရပ်ကို လစ်ဟာမှုမရှိအောင် လုံခြုံရေးကို ရာနှုန်းပြည့်အပြည့်အဝ အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ် များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် မူတည်၍ ယခုနှစ်တွင် ကျန်းမာရေးရှုထောင့်ကိုပါ အလေးထားထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်း ဆောင်ရွက်သည့်အခါ၌ လစ်ဟာမှုမရှိစေရေးအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများလည်း ပြုလုပ်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ သတ်မှတ်ထားသည့် လုပ်ငန်း တာဝန်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ “သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ” နှင့်  “ဆွမ်းဆက်ကပ်ရေး ဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကလည်းကောင်း၊ “အခမ်းအနားကျင်းပရေးနှင့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ” ၊ “ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ” နှင့်  “လှူဖွယ်ပစ္စည်းများပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေကလည်းကောင်း၊ “ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က လည်းကောင်း၊ “သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်ကလည်းကောင်း၊ “ကျန်းမာရေးဆပ်ကော်မတီ” ဆိုင် ရာကိစ္စရပ်များကို ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှ က လည်းကောင်း၊ “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်စိမ်းလန်းစိုပြည်ရေးနှင့် သာသနာ ရေးဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထွန်းကြည်က လည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဒုတိယဝန်ကြီး ဦးကြည်မင်းတို့ က အခမ်းအနားသို့ ကြွရောက်တော်မူမည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေးနှင့် ဆွမ်းဆက်ကပ်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊  ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အခမ်းအနား ကျင်းပနေချိန်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဆရာတော်ကြီးများအား ကြိုဆိုပို့ဆောင်ရေး ဆောင်ရွက်ပေးမည့် ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ကြိုတင်ဆောင်ရွက်ထားရှိနိုင်ရေး၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှတို့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ပန်ကြားချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ က တင်ပြဆွေးနွေးချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)