ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်တဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနဲ့တကွ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလိုကောင်းမြတ်တဲ့ မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စိုးရိမ်ကြောင့်ကြနေရတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မည်သို့သော အခက်အခဲတွေ ကြုံတွေ့ရသည်ဖြစ်စေ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းစွမ်းအားနဲ့ ကျန်းမာရေး အသိရှိရှိ၊ စည်းကမ်းရှိရှိ၊ စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ဒီကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူးမင်္ဂလာ အခါသမယမှာ COVID-19 ကပ်ရောဂါဘေးကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပြီး ပြည်သူပြည်သားတွေရဲ့ လူမှုစီးပွားဘဝတွေ အဘက်ဘက်က မြင့်မား တိုးတက်ကြပါစေ။ ငြိမ်းချမ်းသာယာပြီး ရောဂါဘယများ ကင်းဝေးတဲ့ဘဝများကို အမြန်ဆုံးရရှိ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။