ဒုတိယသမ္မတ ဦးမြင့်ဆွေ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဧပြီ  ၃

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက     ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ” ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ” ကို နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၃/၂၀၂၀ ဖြင့် ဒုတိယသမ္မတ (၁) ဦးဆောင်၍ (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ခဲ့ပါ ကြောင်း။

အဆိုပါလုပ်ငန်းတာဝန် (၁၁)ရပ်မှာ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေသည့် COVID-19 ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့သူများအားလုံးကို ရောဂါလက္ခဏာပြသ သည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာ သူများအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ နှင့် ပူးပေါင်း၍ စနစ်တကျ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရာတွင် COVID-19 ရောဂါပိုး ကူးစက်သူများတွေ့ရှိရပါက ယင်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများအား စုံစမ်း ရှာဖွေ ဖော်ထုတ်၍ စနစ်တကျ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရန်၊ ဒေသတစ်ခုတွင် လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍လည်းကောင်း ကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာခဲ့ ပါက ယင်းဒေသရှိ ပြည်သူများကို “COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ” ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရများနှင့်ညှိနှိုင်း၍ Community Quarantine ပြုလုပ်ရန် လိုအပ်လာပါက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဆောင်ရွက်ရန်။

ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှု စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလိုပူးပေါင်း ဆောင်ရွက်ရန်၊ ကူးစက်ရောဂါဖြစ်ပွားမှုမြင့်မား လာသည့်ဒေသများ၊ မြင့်မားလာရန် အလားအလာရှိသည့်ဒေသများ၊ ကူးစက်ရောဂါဖြစ်ပွား မှုနှင့် ဆက်စပ်လျက် မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည့် ဒေသများတွင် Community Quarantine ပြုလုပ်သည့်အခါ ပြည်သူများ အတိအကျလိုက်နာဆောင်ရွက်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ရန်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်သတ်မှတ်ချက် များနှင့်အညီ အဆင့်လိုက်ဆောင်ရွက်ရာ၌ အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင် ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်။

 ဒေသများ၌ Community Quarantine ပြုလုပ်ရပါက မရှိမဖြစ်လိုအပ်သည့် အရောင်းဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ ဆက်လက် ဖွင့်လှစ်နိုင်ရေး၊ မရှိမဖြစ်လည်ပတ်ရန် လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရေး၊ ယင်းအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေး အစီအစဉ်များချမှတ်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ COVID-19 နှင့် စပ်လျဉ်း၍ စောင့်ကြပ်ကြည့် ရှုရမည့်သူများကို Community Based Facility Quarantine ထားရှိမည့် နေရာများသို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ကူးစက်ရောဂါဖြင့် သေဆုံးသွားသူများအား သင်္ဂြိုဟ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း စနစ်တကျလုပ်ငန်းစဉ်များ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ် များနှင့်အညီ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှု အဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန်။

COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလာနိုင်သည့် အဆိုးဆုံးအခြေအနေအထိ ကြိုတင် မျှော်မှန်း၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ Facility ၊ Test Kits ၊ PPE စသည့် ဆေးပစ္စည်းများ၊ ယာဉ်များ၊ Community Based Facility Quarantine ထားရှိရန် နေရာများ၊ မိမိဆန္ဒအလျောက် ဆန္ဒပြုပါဝင်ဆောင်ရွက်မည့် Volunteer များ စသည့် အရင်းအမြစ်များကို အဆင့်လိုက် ကြိုတင်ပြင်ဆင်စုဆောင်းခြင်းအားဖြင့် လက်တွေ့လုံလောက်စွာ စီစဉ်ပေး နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ပြည်သူများအတွင်း ကြောက်လန့်တကြား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှား ဖြန့်ဝေနေ သူများကို အမြန်ဆုံး ဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူ နိုင်ရေးဆောင်ရွက်ရန်၊ ပြည်သူများအတွင်း ဆေးဝါး၊ ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ်သက်သက် ရရှိရေးအတွက် ဈေးတင်ရောင်းချနေသူများအား အမြန်ဆုံးရှာဖွေ ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်။

 COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူ နေရာဌာနများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့်စည်းမျဉ်းများ ထုတ်ပြန်ခြင်းစသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအဆင့် အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ နယ်စပ် ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ တရားမဝင် ဝင်ထွက်သွားလာမှုများ မရှိစေရေး၊ လုံခြုံရေးနှင့် အဂတိလိုက်စားမှုများ မရှိစေ ရေးအတွက် တိုင်ကြားရန်ဌာနများ အမြန်ဆုံးဖွင့်လှစ်ခြင်း၊ စည်းမျဉ်းချိုးဖောက်သူများအား ဖော်ထုတ်အရေးယူခြင်း၊ လိုအပ်လျှင် လုံခြုံရေးအစောင့်အရှောက်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ရန်။

 “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ” ၏အတွင်း ရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံးဖွင့်လှစ်၍ ကော်မတီ၏ တာဝန်များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းများ ဖွင့်လှစ်ခြင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်လိုက် လိုအပ်ချက် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြားစနစ်တကျ ပေါင်းစပ်ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွက်ရန်နှင့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိူးသား အဆင့်ဗဟိုကော်မတီ” မှပေးအပ်သော အခြားတာဝန် ဝတ္တရားများကို ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်ပါက “လုပ်ငန်းကော်မတီ” နှင့် “ဆပ်ကော်မတီ” များ ထပ်မံဖွဲ့စည်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။

 Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သော ကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခြင်းမပြုမီကပင်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနိုင်ရေးအတွက် အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကော်မတီများအဆင့်ဆင့် ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ဧပြီလ ၂ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသူ “၂၀” တွေ့ရှိထား ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ၂၀ အနက် (၁)ဦးသည် မတ်လ ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည့်အတွက် Coronavirus Disease 2019 (COVID-19) ကို ယခုထက်ပိုမို ထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “စည်းမျဉ်းစည်း ကမ်းများ၊ ဆောင်ရန်နှင့် ရှောင်ရန်အချက်များ” နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထုတ်ပြန်ထားသည့် “ဒေသန္တရအမိန့်များ” ကို တစ်ဦးချင်းအလေးအနက်ထားကာ တိတိကျကျလိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ထို့အပြင် COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာများနှင့် အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း စသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျပေါင်းစပ်ညှိနှိုင်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား သတ်မှတ်ထားသောနေရာများတွင် (၁၄)ရက်ထားရှိ၍ အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Community-based Facility Quarantine)၊ ဟိုတယ်များတွင် အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Hotel Quarantine)၊ နေအိမ်များတွင် အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Home Quarantine) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၏ အင်အားဖြင့်သာ ဆောင်ရွက်၍ မရနိုင်သည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ စေတနာ့ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ကြီးကြပ်ဆောင်ရွက်ပေးမှသာ လုပ်ငန်းထိရောက်အောင်မြင်ပြီး ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့လျက်ရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပြင် စီးပွားရေးဆိုင်ရာ ထိခိုက် မှုများကိုလည်း နိုင်ငံတိုင်းတွေ့ကြုံ ရင်ဆိုင်နေရပါကြောင်း၊ နိုင်ငံများအနေဖြင့် စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် Stimulus Package များကို မိမိနိုင်ငံ၏ အခြေအနေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း အခြား နိုင်ငံများ ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ ဘဏ်တိုးနှုန်းများ လျှော့ချပေးခြင်း၊ အတိုးနှုန်း သက်သာသည့် ဘဏ်ချေးငွေများ ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အခွန်ပေးဆောင် ရမည့်ကာလရွှေ့ဆိုင်း ပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနအသီးသီး က ကောက်ခံသည့် လိုင်စင်ကြေး၊ ပါမစ်ကြေး အပါအဝင် အခကြေးငွေများကိုလည်း လျှော့ချကောက်ခံပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကုန်စည် စီးဆင်းမှုတွင် အထောက်အကူဖြစ်စေရေးအတွက် လမ်းတံတားဖြတ်သန်းခများ လျှော့ချ ကောက်ခံခြင်း၊ ကင်းလွတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါကြောင့် တစ်နိုင်ငံလုံးအကျိုး အတွက်လို အပ်လျှင် အချို့သောနေရာများတွင် အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ကန့်သတ်မှုမျိုးကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။

Quarantine ပြုလုပ်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိသူများ၊ ပြည်သူများအတွင်း ကြောက်လန့်တကြားဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှားဖြန့်ဝေနေသူများ၊ ဆေးဝါး၊ ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ်သက်သက်ရရှိရေးအတွက် ဈေးတင် ရောင်းချနေသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့ အရေးယူ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်သူများသိရှိစေရေး ချပြဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

နှစ်နိုင်ငံနယ်နိမိတ်နှင့် ထိစပ်လျက်ရှိသောဒေသများ အပါအဝင် တရားဝင် ဝင်/ထွက် ပေါက်များမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်၍ အထူးပြောကြားလိုသည်မှာ ၎င်းတို့အနေဖြင့် သတ်မှတ်နေရာများတွင် စည်းကမ်းချက်များနှင့်အညီ Quarantine ပြုလုပ်မှုကို ကြည်ဖြူစွာ လက်ခံပူးပေါင်းပေးကြရေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် စည်းရုံးခြင်းဖြင့် ဆောင်ရွက်၍မရပါက သက်ဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဆို သည်ကို သိရှိအောင် ချပြကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသား ရေးတာဝန် အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဆိုသည်ကို အားလုံးနားလည်သဘောပေါက် ထားရန် လိုအပ်ပါကြောင်း။

ထို့ပြင် Coronavirus Disease 2019 (COVID-19) ကူးစက်မှုသည် ယခုထက် ပိုမိုကျယ်ပြန့်များပြားလာပါက ထိထိရောက်ရောက်ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် ရောဂါဖြစ်ပွားနေသည့် နယ်မြေ၊ ဒေသအလိုက် လုံခြုံရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို ကြိုတင်စီမံထားရန်လိုအပ်ပါကြောင်း၊ အဆိုပါ နယ်မြေ၊ ဒေသအတွင်း အခြေခံဝန်ဆောင်မှုများ ပုံမှန်ပေးနိုင်ရေး၊ အစားအစာနှင့် အခြေခံလူသုံးကုန် ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေး၊ အထောက်အပံ့လိုအပ်သူများအတွက် အစားအစာနှင့် အခြေခံ လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေး၊ အခြေခံကုန်စည်ပို့ဆောင်ရေး၊ အရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရေးလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွဲ့စည်းထား ရှိရေး၊ ဆေးဝါးကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများနှင့် အဆောက်အအုံများကို ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခုက တည်းက စီမံချက်များ စနစ်တကျရေးဆွဲကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထားရှိနိုင်ရေးအတွက် လိုအပ်ချက်များကို သေချာစွာတွက်ချက်ကာ ထပ်မံဝယ်ယူသွားရန်နှင့် ဝယ်ယူရာတွင်လည်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ စိစစ်ဝယ်ယူအသုံးပြုသွားကြရန် လိုအပ် ပါကြောင်း။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာဝန်ထမ်း များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်သိပြည်သူများ၏ အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်နေမှုများကိုမိမိတို့အနေဖြင့် အသိအမှတ်ပြုမှတ်တမ်းတင်ထားရှိ မည်ဖြစ်ပြီး ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပူးပေါင်းဆောင်ရွက်ပေးနေမှုများ အပေါ် နိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူလူထုများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ သည်ကို ပြောကြားလိုပါကြောင်း။

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ် အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး(၂)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အတွင်းရေးမှူးရုံးအဖွဲ့” ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အရေးပေါ်အခြေအနေတွင် တုံ့ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နယ်စပ်ဝင် ပေါက်များ၊ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ မိမိနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာမှု အခြေ အနေများ၊ အလုပ်သမားရေးရာ ကိစ္စရပ်များ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွား ရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)