ဒုတိယသမ္မတ ဦးမြင့်ဆွေ GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက် ဖွင့်လှစ်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

မိတ်ဆက်ပွဲ အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးအောင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က GS1 ၏ သမိုင်းကြောင်းနှင့် လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ GS1 Myanmar Barcode ဖြစ်ပေါ်လာရေး အတွက် ကြိုးစားဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် GS1 Myanmar Barcode ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများနှင့် စပ်လျဉ်း၍ လည်းကောင်း၊  Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးက GS1 Barcode အား မြန်မာ Prefix ဖြင့် လွယ်ကူစွာ ရယူသုံးစွဲနိုင်ရေးအတွက် GS1 Global အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်အရ Myanmar Barcode Association (MBA) ကို ဖွဲ့စည်းခဲ့မှု အခြေအနေ၊ GS1 Myanmar ၏ ဝန်ဆောင်မှုများ၊ GS1 Myanmar Member အဖြစ် လျှောက်ထား နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းထုတ်ကုန် ပစ္စည်းများအတွက် GS1 Myanmar Barcode သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း နှင့် ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်းရေးမှုးချုပ် ဦးအေးဝင်း၊ Myanmar Barcode Association ဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း နာယက ဒေါ်ဝင်းဝင်းတင့်တို့က GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို  စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် GS1 Myanmar မိတ်ဆက်ပွဲ အခမ်းအနား ဒုတိယပိုင်းကို အစီအစဉ်များ အတိုင်း ဆက်လက် ကျင်းပသည်။

မြန်မာနိုင်ငံ၏ ထုတ်ကုန်များကို ကမ္ဘာ့အဆင့်မီလာစေရန် အတွက် ကုန်ပစ္စည်းများတွင် Standard နှင့် အညီ အမှတ်တံဆိပ် တပ်ဆင်နိုင်မည်ဖြစ်ပြီး GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများ အတွက်ပါ အကျိုးရှိစေရန် ရည်ရွယ်၍  GS1 Myanmar Barcode မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး GS1 Myanmar Barcode ကို သုံးစွဲခြင်းအားဖြင့် Supply Chain တစ်လျှောက် မည်သည့်နေရာတွင်မဆို ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များအား တိကျမြန်ဆန်စွာ သိရှိနိုင်ခြင်း၊ ကုန်ပစ္စည်း များ လေလွင့်ပျက်စီး ဆုံးရှုံးမှုများ လျှော့ချနိုင်ခြင်း၊ ကုန်ပစ္စည်းဖြန့်ဖြူးခြင်းနှင့် သိုလှောင် ခြင်းတို့တွင် စနစ်တကျ ထိန်းချုပ်နိုင်ခြင်းနှင့် GS1 Barcode များကို တစ်ကမ္ဘာလုံး လက်ခံသုံးစွဲသည့် အတွက် မိမိတို့၏ ကုန်ပစ္စည်းများအား ပြည်တွင်းရှိ မည်သည့် လက်လီဆိုင်များတွင်မဆို ရောင်းချနိုင်သည့်အပြင် အခြား နိုင်ငံများသို့ တင်ပို့ရောင်းချ ရာတွင်လည်း အဆင်ပြေ လွယ်ကူခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)