တစ်သားတည်းပင် ကြားမထင်ဘဲ
ပြည်စိုးညိမ်း
ရုရှားနှင့် မြန်မာ
မြန်မာနှင့် ရုရှား။
သူ့နိုင်ငံသူ့အရေးကလည်း ကိုယ့်နိုင်ငံ ကိုယ့်အရေးလိုပါ့ ကိုယ့်နိုင်ငံကိုယ့်အရေးကိုလည်း သူ့နိုင်ငံသူ့အရေးရယ်သို့ ရှေးရှုစိတ်ထား။
ယနေ့သည် နိုင်ငံတော်အကြီးအကဲ
ဦးဆောင်သော နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်၏ ဒုတိယမြောက်နေ့ရက်ဖြစ်သည်။ ရာသီဥတုမှာ မော်စကိုမြို့၏ ကောင်းကင်တစ်ခွင်ဝယ် သာယာကြည်လင်လျက်ရှိသည်။ အပူချိန်မှာ ၄ ဒီဂရီစင်တီဂရိတ်မျှရှိမည်ထင်၏။ အဆောက်အအုံများအတွင်း၌မူ နေရာမလပ်အနွေးပေးစက်များ စီမံထားရှိသဖြင့် အခန်းတွင်းအပူချိန်မှာ မသိသာလှသော်လည်း ပြင်ပ၌မူ အအေးဓာတ်က လွှမ်းခြုံလျက်ရှိနေသေး၏။
ခရီးစဉ် ဒုတိယနေ့
ခရီးစဉ် ဒုတိယနေ့အတွက် တစ်နေ့တာအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းအချိန်ဇယားတို့မှာ များပြားလှသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း စသည်ဖြင့် လေးနက်ကျယ်ပြန့်သော တာဝန်ဝတ္တရားများက အရုဏ်ဦးနေ့သစ်နှင့်အတူ အသင့်စောင့်ကြိုနေသည်။
နိုးကြားဖျတ်လတ်စွာ အသင့်ရှိ
အမိမြန်မာနိုင်ငံတော်၏ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများကလည်း ထိုတာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန်အလို့ငှာ မော်စကိုမြို့၏ နံနက်အရုဏ်ဦးနှင့်အတူ နိုးကြားဖျတ်လတ်စွာ အသင့်ရှိနေကြသည်။
ပထမဆုံးအစီအစဉ်အရ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ လုံခြုံရေးယာဉ်တန်းများ ခြံရံထားသည့် အထူးယာဉ်တန်းဖြင့်ထွက်ခွာ၍ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။
နိုင်ငံတော်အကြီးအကဲသည် ရှေ့ဆောင်စစ်သည်နှစ်ဦး ဦးဆောင်၍ လွမ်းသူ့ပန်းခွေအားသယ်ဆောင်ပြီး အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြုလျက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
အကြီးအကဲသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထိုသို့နှုတ်ဆက်နေစဉ် အနွေးစစ်ဝတ်များဖြင့် ညီညာစွာ သက်ဝင်လှုပ်ရှားနေသော ဂုဏ်ပြုတပ်ဖွဲ့သည် မြန်မာ့တပ်မတော် စစ်သီချင်းများဖြင့် ထပ်မံတီးမှုတ်ဂုဏ်ပြုခဲ့သည်။
ထိုနေ့နံနက်ပိုင်းမှာပင် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu အား ၎င်း၏ အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံဆွေးနွေးသည်။
နှစ်နိုင်ငံဆက်ဆံရေးတိုးတက်
လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရင်းနှီးနွေးထွေးစွာ ဆီးကြိုနှုတ်ဆက်၍ ခန်းမအတွင်းသို့ ဦးဆောင်ခေါ်ယူသည်။ ဆွေးနွေးပွဲစတင်သည်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများကို မင်္ဂလာရှိစွာ စတင်ဆွေးနွေးသည်။ သည့်နောက်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပိုမိုမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကြသည်။ မိမိတို့နိုင်ငံတွင် မကြာမြင့်မီကာလအတွင်း နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ဆင်ယင်ကျင်းပတော့မည့်နည်းတူ ရုရှားနိုင်ငံ၌လည်း နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ ကျင်းပတော့မည်ဖြစ်သည်။ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ထိုအခမ်းအနားကြီးသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရေးနှင့် အခြားသောလုံခြုံရေးဖိုရမ်များ၌လည်း မြန်မာကိုယ်စားလှယ်များ ဖိတ်ခေါ်ခြင်းဆိုင်ရာအကြောင်းကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်းက ကျင်းပပြီးစီးခဲ့သည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီးဖြစ်သည်။
လုံခြုံရေးကောင်စီ အတွင်းရေးမှူးအား နိုင်ငံတော်အကြီးအကဲက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းအားဖြင့်တွေ့ဆုံပွဲကို လှပစွာအနားသတ်လိုက်သည်။ တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒူးမားလွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodinနှင့် တွေ့ဆုံဆွေးနွေးရန် စီမံဆောင်ရွက်ကြပြန်သည်။ အချိန်မှာ ဒေသစံတော်ချိန်နံနက်ပိုင်းမှာပင် ရှိနေသေး၏။ မြန်မာကိုယ်စားလှယ်အဖွဲ့၏ အချိန်ရှိခိုက်လုံ့လစိုက်၍ ကြိုးပမ်းနေကြပုံများမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။
ဖက်လဲတကင်း ဆီးကြို
နိုင်ငံတော်အကြီးအကဲနှင့် ကိုယ်စားလှယ်များ ဒူးမားလွှတ်တော်အဆောက်အအုံသို့ ရောက်ရှိသည်နှင့် ကြိုတင်ရောက်ရှိနေရာယူထားသော ဒူးမားလွှတ်တော်ဥက္ကဋ္ဌက ဖက်လဲတကင်း ဆီးကြိုနှုတ်ဆက်၍ အတူတကွမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲတွင် ဒူးမားလွှတ်တော်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု၊ လွှတ်တော်နှင့်ပါတီများ ဖွဲ့စည်းထားရှိမှု၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးကြသည်။ ဆက်လက်၍ ရုရှားနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကျင်းပချိန်၌ ထောက်ခံအားပေးသွားမည့် အခြေအနေများ၊ ပြည်ပမှ အကူအညီများရယူသည့် ပါတီများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံလွှတ်တော်များ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှုနှင့် ရွေးကောက်ပွဲကျင်းပမှုပုံစံများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ကြမည့် အခြေအနေများကိုလည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
အချိန်တို့မှာ တရိပ်ရိပ်ကုန်ဆုံးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များမှာမူ တွေ့ဆုံဆွေးနွေးမှုများနှင့် လုပ်ငန်းဆောင်တာများအကြား ခေါင်းမဖော်နိုင်စတမ်း မအားလပ်နိုင်အောင် အလုပ်များလျက်ရှိရာ နေ့လယ်ပိုင်းသို့ ရောက်သွားသည်ကိုပင် သတိထားမိကြပုံမပေါ်။
ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ရုရှားအစိုးရအဖွဲ့ အိမ်တော်အစည်းအဝေးခန်း၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆက်လက်ထွက်ခွာခဲ့သည်။
ရုရှားအစိုးရအဖွဲ့ အိမ်တော်သို့ရောက်ရှိသည်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရင်းနှီးလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်သည်။
အဓိကလုပ်ဖော်ကိုင်ဖက် မဟာမိတ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ ချစ်ကြည်ရေးခရီးစဉ် လာရောက်မှုအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း နှုတ်ခွန်းဆက်စကားဆိုသည်။ အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကလုပ်ဖော်ကိုင်ဖက် မဟာမိတ်နိုင်ငံ တစ်ခုဖြစ်ကြောင်းကိုလည်း အလေးထား၍ ပြောသည်။
နိုင်ငံတော်အကြီးအကဲက (၇၇) နှစ်ပြည့်မြောက် ကျော်လွန်ခဲ့ပြီဖြစ်သည့် သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပုံကို ပြောကြားသည်။ မိမိတို့အပေါ် ချစ်ခင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်မှုအတွက် အလေးအနက်ထား၍ ကျေးဇူးစကားတုံ့ပြန်သည်။
သည့်နောက်တွင် ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများကို တိုးမြှင့်လုပ်ဆောင်သွားရန် ဆက်လက်ဆွေးနွေးကြသည်။ နိုင်ငံတော်အကြီးအကဲက နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေးနှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဖိတ်ခေါ်ဆွေးနွေးသည်။ အခြားသော ဆောင်ရွက်ဖွယ်ရာများဖြစ်သည့် သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များနှင့်ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ချစ်ကြည်ရေးခရီးစဉ်၏ ဒုတိယနေ့မှာ တွေ့ဆုံဆွေးနွေးပွဲများက အစီအရီနေရာယူလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲမှာ ပန်းတိုင်သို့ချီရာလမ်းဝယ် သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများကို မမောမပန်းနိုင် လျှောက်လှမ်းလျက်ရှိသည်။ “မျိုးစေ့မမှန်ပင်မသန်က၊ ဖူးတံ ငုံကင်းအသီးဖျင်း၏” ဟူသော ဆိုရိုးစကားရှိသည်။ ယခုအခါဝယ် မျိုးစေ့မှန်သဖြင့် အပင်သန်ရမည်ဟု အားလုံးက တူညီသောစိတ်ဆန္ဒတို့ဖြင့် မမှိတ်မသုန် ယုံကြည်ကြလျက်ရှိရာ မဝေးတော့သော ကာလတစ်ခုတွင် နိုင်ငံတော်၏နယ်ပယ်ကဏ္ဍအစုံ၌ ပွင့်သောပန်းတို့ လန်းလန်းစွင့်စွင့် ရှိကြပေတော့မည်။
ဒေသစံတော်ချိန် မွန်းလွဲပိုင်းသို့ပင် ရောက်ရှိလာချေပြီ။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးရန် ရုရှားဖက်ဒရယ် ကောင်စီလွှတ်တော်သို့ ဆက်လက်ထွက်ခွာသည်။
ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးစောင့်ကြိုဆိုနှုတ်ဆက်၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်ရှိရာသို့ ခေါ်ဆောင်သည်။ နိုင်ငံတော်အကြီးအကဲက လွှတ်တော်၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ အကြီးအကဲနှင့်လွှတ်တော်ဥက္ကဋ္ဌတို့က မိမိတို့အဖွဲ့ဝင်များနှင့် အပြန်အလှန်မိတ်ဆက်ပေးပြီး ဖက်ဒရယ် ကောင်စီလွှတ်တော် အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲကိုစတင်ကြသည်။
လွှတ်တော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်
အဓိကအားဖြင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုအခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်မှ လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေနှင့် မြန်မာနိုင်ငံ၌ လွှတ်တော်ပြန်လည်ဖွဲ့စည်းပြီးချိန်တွင် လွှတ်တော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း အလေးအနက်ထား ဆွေးနွေးနိုင်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲမှာ မောသည်ပန်းသည်မရှိ၊ အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ပွဲပြီးတစ်ပွဲ အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိသည်။ ဆွေးနွေးပွဲများတစ်လျှောက်လုံးတွင် အကြီးအကဲ၏ တည်ကြည်သောစိတ်ဆန္ဒ၊ စွဲမြဲသော သန္နိဋ္ဌာန်စိတ်နှင့် တိုင်းပြည်အပေါ်ထားရှိသော စေတနာတို့ကို အထင်းသားမြင်ရသည်။ ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ်များအလိုက် ပြန်လည်ဆွေးနွေးချက်များတွင်လည်း မြန်မာ့အမျိုးသား အကျိုးစီးပွားကိုဦးတည်သည့် ဆွေးနွေးချက်များသာ။ ချစ်ကြည်ရင်းစွဲဖြစ်သည့် ဆက်ဆံရေးကို အရင်းတည်သည်မို့ နှစ်ဖက်ကျေနပ်ဖွယ်ရာ အကြောင်းအရာများကို အပြည့်အဝဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
နယ်ပယ်ပေါင်းစုံ ရလဒ်ကောင်းအချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ် ဒုတိယနေ့အတွင်း တွေ့ဆုံဆွေးနွေးမှုများမှာ အမိနိုင်ငံတော်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးအစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးသည့် နေ့ရက်တစ်ရက်ဟု ဆိုရပါမည်။
မြန်မာနှင့်ရုရှားဆိုသည်ကား သူ့နိုင်ငံသူ့အရေးကလည်း ကိုယ့်နိုင်ငံကိုယ့်အရေးသဖွယ်ပင်။ တစ်ဖန် ကိုယ့်နိုင်ငံကိုယ့်အရေးကိုလည်း သူ့နိုင်ငံသူ့အရေးသို့ ရှေးရှုစာနာထောက်ကူဖေးမခဲ့ကြသည့် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကြသည့် အားလျော်စွာ ချစ်ကြည်ရင်းနှီးမှုကိုအခြေတည်၍ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် တစ်သားတည်းပင်ကြားမထင်ဘဲ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်ဖြစ်ရာ ရှေ့သို့ ချီမည်ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) သို့ မနှေးအမြန် ရောက်ရှိတော့မည်ဖြစ်ပါ ကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် မမှိတ်မသုန်ယုံကြည်နေမိပါသည်။ ။