စီးပွားရေးပညာ နှစ် ၁၀၀ မှသည်… ထာဝရသွေးစည်းချစ်ကြည်…နိုင်ငံ့စီးပွားမြှင့်ကြမည်
ဒေါက်တာဝါဝါမောင်
ဘဝတစ်သက်တာ…. နှစ်တစ်ရာအခါ…. ကြိုဆိုပီတိဖြာ
၁၉၂၄ ခုနှစ်မှစ၍ ဘောဂဗေဒဌာန (စီးပွားရေး ပညာဌာန) (Department of Economics) ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပညာရပ်များ စတင်သင်ကြားပို့ချခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်ဆိုလျှင် စီးပွားပညာ နှစ်တစ်ရာတိုင်ခဲ့ပြီ။ ယခု ကျင်းပဆောင်ရွက်နေသော ကြုံတောင့်ကြုံခဲ စီးပွားရေးပညာ နှစ် (၁၀၀) အခမ်းအနားသို့ ဆရာသမား၊ စီးပွားရေးပညာ ညီအစ်ကိုမောင်နှမ ဦးရေ ၁၁၀၀ ကျော် တက်ရောက်လာကြပါသည်။ ဝမ်းသာပီတိများစွာဖြင့် ကြိုဆိုမိသည်။ တက်ရောက်လာသူအားလုံးက မတွေ့မမြင်ရသည်မှာကြာသော ဆွေမျိုး သားချင်း သွေးရင်းများပမာ ဝမ်းသာဝမ်းနည်း ကြည်နူးသောမျက်နှာများဖြင့် အီကိုအသွေးအသားတို့၏ ချစ်ခင်သွေးစည်းမှုကို မြင်ရသည့်မြင်ကွင်းက ဘဝတစ်သက်တာ အမှတ်ရစရာပါ။
လက်ဆင့်ကမ်းပေ…. စီးပွားပညာအမွေ
အမိ စီးပွားရေးတက္ကသိုလ်ဆင်း ဆရာသမား ညီအစ်ကိုမောင်နှမများ ဆုံစည်းခွင့်ရရှိစေသော ဘဝတွင်ကြုံတောင့်ကြုံခဲနှစ် (၁၀၀) ပြည့် အခမ်းအနားကြီးကို စာရေးသူအနေဖြင့် ကျင်းပရန် အခမ်းအနား ပြင်ဆင်ခွင့်ရခြင်းသည် အမိစီးပွားရေးတက္ကသိုလ်ကြီးနှင့် ကျေးဇူးရှင်စီးပွားရေးပညာဘာသာရပ်ကို ကျေးဇူးဆပ်ခွင့်အဖြစ် ခံစားကြည်နူးဝမ်းမြောက်မိပါသည်။ အမိ စီးပွားရေးတက္ကသိုလ် ကြီးကြောင့် စီးပွားရေးပညာဖြင့် တိုင်းပြည်အတွက် ကျရာကဏ္ဍမှ အလုပ်အကျွေးပြုနိုင်သော ကျေးဇူးတရားက ကြီးမားလှသည် မဟုတ်ပါလား။
အခမ်းအနား ပထမရက်တွင် မတွေ့ဆုံရသည်မှာ ကြာပြီဖြစ်သော ဆရာကြီး ဆရာမကြီးများက အသက်အရွယ်ကြီးနေပြီဖြစ်သည့်တိုင်၊ ရဟန်း ဘောင်ဝင်ရောက်နေခဲ့သည့်တိုင် သံယောဇဉ်ဖြင့် အားတင်းကြိုးစား တက်ရောက်လာကြသော မြင်ကွင်းအရအီကို အသွေးအသားများဖြင့် အားမာန် ရှိနေသည့်အလား မြင်တွေ့ရသည့်အတွက်မျက်ရည် များလည်မိလောက်အောင် ပီတိဖြစ်မိသည်ကအမှန်ပါ။