Skip to main content

သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများ

ညိုမောင်

စာရေးသူလုပ်ငန်းခွင်မှ သက်ပြည့်ပင်စင်ယူခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှကြာမြင့်ခဲ့ပါပြီ။ လျင်မြန်စွာစီးဆင်းနေသော သတင်းခေတ်ကြီးထဲတွင် မျက်မှောက်ခေတ်ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးများနှင့် မျက်ခြည်မပြတ်စေခြင်းငှာ သတင်းများကို နေ့စဉ်စားသုံးနေရပါသည်။

သတင်းများစီးဆင်းပုံကလည်း အမျိုးမျိုးဖြစ်သည်။ လူမှုကွန်ရက်မီဒီယာများတွင် သတင်းများက အဆီးအတားမရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့နေတတ်သည်။ သတင်းများ၏ မှန်ကန်စိတ်ချရမှု တန်ဖိုးက အထိန်းအကွပ်မဲ့စွာ ပရမ်းပတာဖြစ်နေတတ်သည်။ တစ်ဖက်တွင် တရားဝင်ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာများရှိသည်။ သတင်းစီးဆင်းမှု အနည်းငယ်ကြန့်ကြာသည်ဟုထင်ရသော်လည်း ၎င်းတို့၏ အားသာချက်မှာ ရာနှုန်းပြည့်မှန်ကန်စိတ်ချရမှု ရှိခြင်းပင်ဖြစ်သည်။ အဆင့်ဆင့်သော နေရာဌာနတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် သတင်းစစ်၊ သတင်းမှန်များကို ပြည်သူလူထုလက်ဝယ်သို့ ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။

မှန်မှန်ကန်ကန်သုံးသပ်နိုင်ရန် အထောက်အပံ့ကောင်းများရရှိ

စာရေးသူတို့အိမ်တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာ သုံးစောင်လုံးယူထားသည်။ ဈေးနှုန်းများကလည်း သင့်တင့်မျှတသည်။ သတင်းစာ သုံးစောင်လုံးအတွက် တစ်လတာကျသင့်ငွေမှာ လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းစာမျှသာရှိသည်။ ကျေနပ်စရာအကောင်းဆုံးမှာ စာရေးသူအဖို့ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျနှင့် မှန်မှန်ကန်ကန်သုံးသပ်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေခြင်းပင်ဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် နိုင်ငံတော်အကြီးအကဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည့်အကြောင်း သတင်းစာသုံးစောင်လုံး၏ ရှေ့ဖုံးတွင် ထည့်သွင်းဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။ သွားမည့်အကြောင်းအရာက သာမန်ချစ်ကြည်ရေး ခရီးစဉ်သဘောမျိုးမဟုတ်။ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသော တာဝန်ဝတ္တရားများပါသည်ကို တွေ့ရသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရသည်။

ခရီးစဉ်၏ အတိမ်အနက်ကို တွေးဆ ကြည့်မိရုံနှင့်ပင် ပင်စင်စားတစ်ဦးဖြစ် သော စာရေးသူစိတ်ထဲတွင် အမိနိုင်ငံကို တိုးတက်ဖြစ်ထွန်းစေချင်သော ဝန်ထမ်းကောင်းတစ်ယောက်၏ အားမာန်များ ပြန်လည်နိုးကြား တက်ကြွလာသည်အထိ ခံစားရမိသည်။

အမှန်တရားက ဖိနပ်စီးနေဆဲတွင် မုသားက ကမ္ဘာတစ်ပတ်ပတ်ခဲ့ပြီဆိုသည့်အတိုင်းပင် စာရေးသူတို့နိုင်ငံအပေါ် ဆန့်ကျင်ဘက်သဘောထားအမြင်ရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတချို့၏ မိုးလုံးပြည့်မုသာဝါဒ လှိုင်းလုံးများမှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် နိုင်ငံချစ်စိတ် ထက်သန်ပြင်းပြသော ပြည်သူတို့၏ လက်တွဲညီညီ ခုခံကာကွယ်နိုင်မှုများကြောင့်သာ ၎င်းတို့တစ်တွေ ထင်သလောက် ခရီးမပေါက်ကြခြင်းဖြစ်သည်။

ပြည်ပခရီးစဉ်အပေါ်ကျေနပ်အားရ

ဤသို့သော အခြေအနေမျိုးတွင် နိုင်ငံတော်အကြီးအကဲ၏ အနှစ်သာရပြည့်ဝသော ပြည်ပခရီးစဉ်အပေါ် ကျေနပ်အားရဖြစ်မိခြင်းမှာ နိုင်ငံနှင့် လူမျိုးအကျိုးကို လိုလားသော မည်သည့်နိုင်ငံသားမဆို စာရေးသူနှင့်ထပ်တူ ခံစားမိကြမည်သာဖြစ်သည်။

မြန်မာစကားပုံတွင် “သမင်ဆယ်လှမ်း ကျားတစ်လှမ်းဟု ဆိုရိုးရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ နောက်ဆက်တွဲ ခရီးစဉ်သတင်းများကို စောင့်ကြည့်လေ့လာရင်း ထိုဆိုရိုးစကားကို စာရေးသူ သတိရမိသည်။ ဝန်ထမ်းဟောင်းတစ်ယောက်၊ ပြည်သူတစ်ယောက်အနေနှင့် နှစ်ထောင်းအားရရှိလှသောကြောင့်ဖြစ်သည်။

ဧည့်ခန်းဆောင်သာတွင် တန်းတူရည်တူ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ခရီးစဉ်ကို စတင်ထွက်ခွာကြသည်။ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည့် သတင်းဓာတ်ပုံများကို မြင်ရသည်တွင် စာရေးသူစိတ်၌ အတွေးတစ်ရပ်ဖြစ်ပေါ်လာသည်။ မုသားကကမ္ဘာတစ်ပတ်ခရီးပတ်ခဲ့သည် ဆိုသော်ငြား သူတကာတို့၏ အိမ်နောက်ဖေးမှ ကုပ်ချောင်းချောင်းပတ်ခဲ့ရခြင်း သာဖြစ်ပြီး အမှန်တရားသည်ကား အိမ်ရှေ့တံခါးမကြီးမှ ခံ့ခံ့ထည်ထည်ဝင်ရောက်၍ ဧည့်ခန်းဆောင်သာတွင် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်သည်ဆိုသော အကြောင်းခြင်းရာပင်ဖြစ်ပါ၏။

ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ အပုပ်ချတွန်းတိုက်မှုများအပေါ် နိုင်ငံတော်အစိုးရ၏ လမ်းကြောင်းမှန်မှန်၊ ခြေလှမ်းမှန်မှန်ဖြင့် တည်ငြိမ်သော တုံ့ပြန်ဆောင်ရွက်နေမှုများမှာ “ပြစ်မရှိပြစ်ရှာ၊ လမင်းကို ခွေးဟောင်လို့၊ ရွှေလရောင်ပြောင်မပျက်တယ်၊ ထွန်းလျက်ပင်သာ၊ မြရွှေဂူပတ္တမြား ကိုလ၊ ဝက်များက ငြူစူစွာ၊ ညွန်လူးကာ တိုက်နဲ၊ ပွတ်လေလေ၊ ဂူရွှေမှာ အရောင်ထွက်တယ်၊ ရှေးကထက်ကဲ” ဆိုသည့် မန်လည်ဆရာတော်ကြီး၏ ပတ္တမြား ရွှေဂူကဗျာကိုပင် သတိရဖွယ်ဖြစ်သည်။

ဦးစားပေးနယ်ပယ်ရှစ်ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာပါဝင်

နိုင်ငံတော်အကြီးအကဲသည် ခရီးရောက်မဆိုက်မှာပင် ကူမင်းမြို့ HUALUXE Kunming Hotel ဟိုတယ်၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။ အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ်ရှစ်ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်သည့်အကြောင်း သတင်းစကားပေးပို့ခဲ့ရာ နိုင်ငံတော်အကြီးအကဲ၏ စီးပွားရေးအမြင်ကျယ်ပြန့်နက်ရှိုင်းမှုနှင့် သိမ်မွေ့ညင်သာသောသံတမန်စွမ်းရည်ကို အထင်းသားတွေ့မြင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ထက်သန်တက်ကြွစွာ ပါဝင်ဆွေးနွေးကြမှုများကလည်း အားရဖွယ်ဖြစ်သည်။

နိုင်ငံတော် အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ တိုင်းကျိုး၊ ပြည်ကျိုး ရွက်သယ်ပိုးသည့်နေရာတွင် “စက္ကန့်လေးတွေ စိန်စီထားသည်ဟု ဆိုရမတတ်ပင် အချိန်ကိုတလေးတစား တန်ဖိုးထားကြပုံရသည်။ စာရေးသူမှာ သတင်းဆက်များကို တရှိုက်မက်မက် လိုက်လံဖတ်ရှုရင်း သူတို့တစ်တွေ၏ အချိန်ရှိခိုက် လုံ့လစိုက်ကြပုံများကို အံ့ဩဘနန်းဖြစ်နေမိသည်။

ညနေပိုင်းရောက်ပြန်တော့ ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E.Mr.Wang Ning နှင့် တွေ့ဆုံဆွေးနွေးကြပြန်သည်။

မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပုံနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုများ ပိုမိုအကောင်အထည်ဖော်နိုင်မည်ဖြစ်သောကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြခြင်းဖြစ်သည်။

ဆွေးနွေးကြသည့် အကြောင်းအရာများ၌ စကားလုံးတစ်လုံးချင်းစီကပင် နိုင်ငံနှင့်လူမျိုးအတွက် မွန်မြတ်မှန်ကန်သော စိတ်စေတနာကောင်းများနှင့် လက်ငင်းဒိဋ္ဌအကျိုးတရားဖြစ်ထွန်းစေမှုများကို ဖော်ညွှန်းပေးနေသည်ဟု စာရေးသူခံစားမိသည်။

တစ်ချိန်သောအခါက တချို့သောပုဂ္ဂိုလ်တို့သည် နိုင်ငံ့အကျိုးနှင့် နိုင်ငံ့အရေးတို့ထက် မိမိတို့တစ်စုတစ်ဖွဲ့ အကျိုးကိုသာမျှော်ကိုး၍ စာရေးသူတို့ နိုင်ငံအပေါ် မည်သို့မည်ပုံ ပိတ်ဆို့အရေးယူသင့်ကြောင်း၊ ငြိမ်းချမ်းရေး စာချုပ်များတွင် အလျင်စလိုလက်မှတ် မထိုးသင့်ကြောင်းတို့ကို သဘောထားသေးသိမ်စွာ တွင်တွင်ဆိုခဲ့ကြသည် မဟုတ်လား။

နိုင်ငံ့အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အရေးကို အလေးထား

ယခုခရီးစဉ်၌မူ ထိုသို့မဟုတ်လေပြီ။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ လှုပ်ရှားပုံ၊ ပြောဆိုဆွေးနွေးနေပုံတို့မှာ နိုင်ငံ့အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အရေးကို အလေးထားကြလေသဖြင့် မင်္ဂလာအပေါ် မင်္ဂလာဆင့်လျက် ကျေနပ်မဆုံးဖြစ်မိရသည်။ စာရေးသူမှာ နိုဝင်ဘာလ ၆ ရက်နေ့ထုတ်သတင်းစာများကိုကိုင်၍ မချင့်မရဲပင်ဖြစ်နေမိသည်။ လူငယ်များစကားကို ငှားသုံးရလျှင် နောက်ထပ်နောက်ထပ်သော တွေ့ဆုံဆွေးနွေးမှုများနှင့် သတင်းကောင်းများကို မစောင့်စားနိုင်အောင်ပင် ဖြစ်မိရပါ၏။

တူညီသော မေတ္တာဓာတ်ဖြင့် ဖေးမစောင့်ရှောက်

နိုင်ငံတော်အကြီးအကဲဆိုသည်မှာ နိုင်ငံ၏ အမိအဖပင်ဖြစ်သည်။ အမိအဖဟူသည် မိမိတို့၏ သားသမီးများအပေါ် နီးသည်ဝေးသည်မရှိ တူညီသော မေတ္တာဓာတ်ဖြင့် ဖေးမစောင့်ရှောက်ကြသည်သာဖြစ်ပါ၏။

နိုင်ငံတော်အကြီးအကဲသည် မအားလပ်သော လုပ်ငန်းတာဝန်များအကြားမှပင် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် ပညာတော်သင်ကျောင်းသားများကို ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံခဲ့သည်။ ထို့အတူ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် ပညာတော်သင်ကျောင်းသားများကိုလည်း ရနိုင်သမျှအချိန်ပေး၍ သွားရောက်တွေ့ဆုံခဲ့သည်။ အကြီးအကဲ တစ်ယောက်၏ မိမိတပည့်သားမြေးများအပေါ်ထားရှိသည့် အကြားအလပ်မရှိသော ချစ်ခြင်းမေတ္တာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ ရေခြားမြေခြား ရောက်နေသည့်တိုင်ရနိုင်သမျှသော အချိန်ကလေးမှာပင် အပင်ပန်းခံ၍ ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြစ်သည်။ ထိုတပည့်သားမြေးတို့၏ တင်ပြချက်များကို အရေးတယူနားစွင့်၍ နွေးထွေးကြင်နာစွာ အားပေးစကားဆိုခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

တန်ဖိုးရှိသော လူ့စွမ်းအား အရင်းအမြစ်များကိုရင်းနှီးမြှုပ်နှံ

နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အလေးထားစဉ်းစားတွေးခေါ်ဆောင်ရွက်နေသည်ကို အစည်းအဝေးများ၊ ခရီးစဉ်တွေ့ဆုံပွဲများမှ ပြောကြားချက်များမှတစ်ဆင့် စာရေးသူ မကြာခဏမြင်တွေ့ကြားသိနေရသည်။ နိုင်ငံရပ်ခြားသို့ပညာတော်သင်များ စေလွှတ်ခြင်းမှာ တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံပြုစုပျိုးထောင်ပေးနေခြင်းပင်ဖြစ်ပါ၏။ နိုင်ငံတော်အကြီးအကဲသည် ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်များကို နာယကဂုဏ်ခြောက်ပါးလာ “ဒယာ တည်းဟူသော သနားချစ်ခင်ကြင်နာခြင်းတို့ဖြင့် လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးအပ်လေသည်။ အကြီးအကဲကိုယ်တိုင်က လုံ့လဥဿာဟစိုက်ထုတ်၍ အလေးထားချီးမြှင့်ခြင်းဖြစ်သဖြင့် တပည့်သားမြေးတို့အဖို့ ရေခြားမြေခြား၌ စိတ်ဓာတ်ခွန်အားများ မြင့်မားတိုးတက်လာကြမည်မှာ ဧကန်ဖြစ်သည်။

သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများ

နိုင်ငံတော်အကြီးအကဲ၏ လုပ်ငန်း စဉ် အချိန်ဇယားမှာ အကြားအလပ်မှရှိပါလေစ။ ဌာနတစ်ခုတွင် အရာထမ်းတစ်ဦးဖြစ်ခဲ့ဖူးသော စာရေးသူကိုယ်ချင်းစာမိပါ၏။ အစိတ်အပိုင်းငယ်မျှဖြစ်သော ဌာနတစ်ခု၏ တာဝန်သည်ပင် လွယ်ကူလှသည် မဟုတ်ရာ ကြီးလေးသောနိုင်ငံ့တာဝန်များကို ဦးထိပ်ရွက်ထားရသူအဖို့ ဆိုဖွယ်ရာရှိမည်မထင်။ သို့သော် သတင်းဓာတ်ပုံများကို ကြည့်ရသည်မှာ သက်ဝင်ရှင်သန်လွန်းလှသည်။ ခေါင်းဆောင်၏ အပြုံးမှာကြည်လင်သည်။ လန်းဆန်းသည်။ မောပန်းသည်မရှိ။ ရွှင်လန်းမြဲရွှင်လန်းလျက်ရှိသည်ကို တွေ့ရပါ၏။ ခေါင်းဆောင်၏ ခြေလှမ်းတို့မှာ အားမာန်ပါ၏။ တက်ကြွနေ၏။ ရှေ့ဆုံးမှ မားမားမတ်မတ်ဦးတည်လျှောက်လှမ်းနေသော ထိုခြေလှမ်းတို့မှာ သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများပင်ဖြစ်ပါ၏။ ထိုနေ့နံနက်ပိုင်းမှာပင် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ နိုင်ငံတော်အကြီးအကဲမှာ မောသည်ပန်းသည်မရှိ၊ အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ပွဲပြီးတစ်ပွဲ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှာ HaigengGarden Hotel တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Mr.Li Qiang နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ အပြုသဘောဆောင်သော ဆွေးနွေးချက်များမှာ နိုင်ငံနှင့်လူမျိုးအတွက် ကျေနပ်အားရဖွယ်ပင်ဖြစ်သည်။ အချုပ်အခြာအာဏာ ခိုင်ခံ့တည်မြဲရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးတို့အတွက် အပြန်အလှန်ကတိကဝတ်များနှင့် အားပေးထောက်ခံရပ်တည်မှုများမှာ သမနိရှည်ကြာခဲ့ပြီဖြစ်သည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ အနှစ်သာရကို ထပ်လောင်း၍ အဓိပ္ပာယ်ပြည့်ဝလေးနက်စေခဲ့သည်သာဖြစ်ပါ၏။ ထိုတွေ့ဆုံပွဲတွင် ကဏ္ဍစုံအတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်ခုနစ်ခုကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲ၏ခရီးစဉ်မှာ နိုင်ငံတော်နှင့်ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရှိရကြောင်း အထက်တွင် စာရေးသူဆိုခဲ့ပါသည်။ မှန်ပါ၏။ ထိပ်သီးအစည်းအဝေးကြီးများဖြစ်သော အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ ပါဝင်တက်ရောက်ရန်ပင်ဖြစ်သည်။

ထိုအစည်းအဝေးကြီးများ၏ အရေး ပါအရာရောက်မှုကိုသိရှိနိုင်ရန် စာရေးသူ အကျဉ်းမျှတင်ပြလိုပါသည်။ မဟာမဲခေါင်ဒေသခွဲမှာ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင်တည်ရှိပြီး မဲခေါင်မြစ်၏ နိုင်ငံဖြတ်ကျော်ဒေသတစ်ခုဟု ဆိုရပါမည်။ အာရှတွင်း ခြောက်နိုင်ငံဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ပါဝင်ပြီး တစ်နိုင်ငံချင်းစီအလိုက် အမျိုးသားအကျိုးစီးပွား ခိုင်မာအားကောင်းစေရန် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များဆိုသည့် ကဏ္ဍအသွယ်သွယ်တွင် လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။

အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ချီတက်လျက်ရှိ

နောက်ထပ်အစည်းအဝေးတစ်ခုမှာ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။ အတိတ်နှင့် ပစ္စုပ္ပန်ကာလမှ ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်သော အကြောင်းခြင်းရာများနှင့် အနာဂတ်မျှော်မှန်းချက်များကို ထောက်ချင့်၍ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့ကြီးသည် အပြန်အလှန်လေးစားယုံကြည်မှု၊ စာနာနားလည်မှု၊ ညီတူညီမျှအကျိုးစီးပွားဖြစ်ထွန်းလိုမှုတို့ဖြင့် အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ချီတက်လျက်ရှိသည်ဟု စာရေးသူ မမှိတ်မသုန်ယုံကြည်ပါ၏။

နောက်ဆုံးတစ်ခုမှာ ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးဖြစ်သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေခြင်းနှင့် တိုးမြှင့်ပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ကဏ္ဍကြီးရှစ်ရပ်တွင် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ စာရေးသူတို့နိုင်ငံက စိုက်ပျိုးရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍတို့တွင် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

သည်မျှဆိုလျှင် စားနပ်ရိက္ခာဖူလုံရေး၊ သာယာဝပြောရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် ထိပ်သီးအစည်းအဝေးကြီးများ၏ အကျိုးသက်ရောက်မှုနှင့် အရေးပါအရာရောက်မှုတို့ကို ဆဝါးနိုင်ကြလိမ့်မည်ထင်ပါသည်။ ထို့ကြောင့်သာလျှင် နိုင်ငံတော်အကြီး အကဲအနေဖြင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးကုတ်အားထုတ်နေခြင်းဖြစ်ပါလိမ့်မည်။ အားမာန်ပြည့်ဝသောခြေလှမ်းတို့ဖြင့် မယိမ်းမယိုင်တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနေခြင်းဖြစ်ပါလိမ့်မည်။

နိုဝင်ဘာလ ၈ ရက်ထုတ် သတင်းစာများကို ဖတ်ရသည်မှာ ရွှင်လန်းတက်ကြွ ဖွယ်အတိပင်။ စာရေးသူမှာ ပီတိဖုံးလွှမ်းသဖြင့် ပြုံးပန်းတဝေဝေဖြစ်နေရသည်။ နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ဖော်ပြပါထိပ်သီးအစည်းအဝေးကြီး သုံးရပ်စလုံးတွင် ပါဝင်တက်ရောက်ခဲ့ရုံမျှမက နိုင်ငံနှင့် လူမျိုးအကျိုးကို ဖော်ဆောင်နိုင်မည့်ဆွေးနွေးချက်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့်ပင်ဖြစ်ပါ၏။ နိုင်ငံတော်အကြီးအကဲ၏ အားကြိုးမာန်တက် မနားမနေဆောင်ရွက်ချက်များကို နှစ်ထောင်းအားရဖွယ် တစ်ဝကြီးဖတ်လိုက်ရသည်။

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည်။ နိုင်ငံတော်အကြီးအကဲမှာ အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ လန်းဆန်းတက်ကြွသော ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်။ အိမ်ရှင်ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်ကလည်း လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုပြုသည်ကို တွေ့ရပါ၏။

စားနပ်ရိက္ခာဖူလုံရန် ဆန်းသစ်တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်

စာရေးသူမှာ သတင်းစာကိုလက်ကကိုင်ထားလျက်မှပင် ပညာရဲရင့်ပွဲလယ်တင့်စွာ ဆွေးနွေးပြောကြားနေသော နိုင်ငံတော်အကြီးအကဲများ၏ စကားသံများကို နားနှင့်ဆတ်ဆတ် ကြားနေရဘိသို့ ခံစားရသည်။ ဒေသခွဲအတွင်း ကုန်ထုတ်စွမ်းအားမြှင့်တင်မှု၊ နည်းပညာတိုးတက်မှု၊ စက်မှုလုပ်ငန်းသစ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့အတွက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမှာ အဓိကမောင်းနှင်အားဖြစ်ကြောင်း စိတ်ဓာတ်တက်ကြွဖွယ်ကြားသိရသည်။ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံများနှင့် ဖွဲ့စည်းထားသည့် မဟာမဲခေါင်ဒေသခွဲအနေဖြင့် စိုက်ပျိုးစီးပွားပိုမိုတိုးတက်ထွန်းကားလာရန်နှင့် စားနပ်ရိက္ခာဖူလုံရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်ဖြစ်သည့်အကြောင်း၊ တစ်ချိန်တည်းမှာပင် တီထွင်ဆန်းသစ်မှုများက မိမိနိုင်ငံ၏ ရေမြေသဘာဝ၊ ပထဝီအနေအထားများနှင့် ကိုက်ညီရန်လိုအပ်ပြီး အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနှင့် ဒေသန္တရအစိုးရများအပြင် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည့်အကြောင်းများကို ကျယ်ပြန့်နက်ရှိုင်းသောအမြင်၊ လက်တွေ့ကျသောချဉ်းကပ်မှုတို့ဖြင့် အလေးအနက်ထား ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှု၊ ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ရွှေ့ပြောင်းလုပ်သားများနှင့် စီးပွားရေးမညီမျှမှု စသည့်စိန်ခေါ်ချက်များအတွက်လည်း ညှိနှိုင်းပေါင်းစပ်မှုနှင့် ဘက်စုံချဉ်းကပ်ရမည့် နည်းလမ်းများကို ကလျာဏမိတ္တတို့၏ထားရှိအပ်သော စိတ်စေတနာကောင်းများဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားသည်ကို ပြည့်ပြည့်စုံစုံဖတ်ခွင့်ရလိုက်သည်။

အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်

(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ထိုနေ့မွန်းလွဲပိုင်းမှာပင် ဆက်လက်ကျင်းပသည်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်မျှမတွေ့ရ။ ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်တွင် အခြားသောဆွေးနွေးဖက်များနှင့်အတူ တက်ကြွဖျတ်လတ်စွာပါဝင်လျက်ရှိသည်။ သူတို့၏ အတွေးအာရုံထဲတွင် အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ဟူသည့် တစ်ကြောင်းတည်းသော ရည်မှန်းချက်ကသာလျှင် အပြည့်အဝနေရာယူထားကြပုံရသည်။ လှုပ်ရှားဆောင်ရွက်မှုတိုင်းသည် ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ။ ပါဝင်ဆွေးနွေးမှုတိုင်းသည် တည်တည်ကြည်ကြည်လေးလေးနက်နက်။ သတင်းစာဖတ်ရင်းမှ မဝေးတော့သောအနာဂတ်အတွက် တောက်ပသောလင်းရောင်ခြည်တန်းများကိုစာရေးသူ မြင်ယောင်ခံစားနေမိသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံလောက်မှု စသည်တို့အကြားတွင် မိမိတို့သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း စိတ်ဓာတ်ခွန်အားဖြစ်စေသောစကားကို ဆိုခဲ့သည်။ ဦးတည်ဆွေးနွေးကြမည့် “ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့ဆိုသော ခေါင်းစဉ် နှင့် အင်မတန်ကိုက်ညီဆီလျော်မှုရှိသည်။ အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ပေါင်းစည်းထားသည့် အသိုက်အဝန်းတစ်ခုဖန်တီးရန်အတွက် အားသွန်ခွန်စိုက် အတူတကွကြိုးပမ်းလျက်ရှိပုံများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများ လျော့ပါးစေရန်၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုမြင့်မားစေရေး ခရီးသွားလုပ်ငန်းများမြင့်မားစေရန်၊ စီးပွားရေးစင်္ကြံများချိတ်ဆက်ရန်၊ အထူးစီးပွားရေးဇုန်များမှတစ်ဆင့် နည်းပညာဆိုင်ရာ အဆောက်အအုံများ၊ စက်မှုအဆောက်အအုံများ အဆင့်မြှင့်တင်ရန် စသည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသည်။

ပညာသင်ဆုပေးအပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုဆွေးနွေးသွားသည်မှာ နိုင်ငံတော်အကြီးအကဲ၏ မတူကွဲပြားမှုများကို ပေါင်းစည်းညီညွတ်စေလိုသည့် မေတ္တာစိတ်ကြီးမားသော စိတ်နေစိတ်ထားတစ်ရပ်ကို စာရေးသူထိတွေ့ခံစားလိုက်မိပါသည်။

အချိန်ဟူသည် ရပ်တန့်နေသည်ဟူ၍ မရှိစကောင်း။ ထို့အတူပင် တာဝန်သိသိ၊ တာဝန်ရှိရှိ လုပ်ကိုင်ဆောင်ရွက်နေကြသူတို့သည်လည်း ထိုအချိန်တို့နှင့်အတူပင် မရပ်မနား ခရီးနှင်လျက်ရှိကြပါ၏။ ထိပ်သီးအစည်းအဝေးကြီးများမှာ ကိုယ်စားပြုသော နယ်ပယ်ကဏ္ဍများ ကျယ်ပြန့်သလောက် ထမ်းဆောင်ရသော တာဝန်ဝတ္တရားများမှာလည်း ကြီးမားလှပါ၏။ သို့သော် သူတို့ခြေလှမ်းများမှာ ဖြောင့်မတ်ကြံ့ခိုင်မယိမ်းမယိုင်ရှိနေကြ၏။

ကူမင်းမြို့ရှိ Wyndham Grand Hotel တွင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ နိုင်ငံတော်အကြီးအကဲက အပြန်အလှန်ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ်သည် အက်မက်စ်ဒေသကို ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်မအဖြစ်ဖန်တီးရန် အခြေခံအုတ်မြစ်ဖြစ်သည့်အကြောင်း၊ ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ဖော်ဆောင်သင့်သည့် အကြောင်းတို့မှသည် အက်မက်စ်ဒေသတစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကို ဖတ်လိုက်ရသည်မှာ ဆေးစွမ်းကောင်းတစ်လက် မှီဝဲလိုက်ရသည့်နှယ် စာရေးသူအဖို့ အားအင်အသစ်များ ဖြစ်ထွန်းလာရသည်။ မိမိနိုင်ငံကို ကိုယ်စားပြုသည့် အကြီးအကဲတစ်ဦးက ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံနှင့်ချီသည့် အတ္တ-ပရမျှတသော အကျိုးရလဒ်များကို ရည်ညွှန်းဖော်ဆောင်ပေးနေသည် မဟုတ်ပါလား။

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရိုးရှင်းတိကျခိုင်မာစေခြင်းဖြင့် ဒေသတွင်းစီးပွားရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းအပေါ် သိသာထင်ရှားစွာ အကျိုးပြုစေမည့်အကြောင်း ပွင့်လင်းမြင်သာစွာဆွေးနွေးသွားသည်။ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်နိုင်ငံများကိုလည်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြရန် လှိုက်လှဲရင်းနှီးစွာ ဖိတ်မန္တကပြုခဲ့သည်။

ဆွေးနွေးမှုများအပြီးတွင် လာအိုနိုင်ငံဝန်ကြီးချုပ်က စာရေးသူတို့ နိုင်ငံတော်အကြီးအကဲအား အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည်။ နိုင်ငံတော်အကြီးအကဲက ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များမှရရှိသည့် အကျိုးကျေးဇူးများကို အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်စေရန် ယခင်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သလို အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများရေးဆွဲပြီး ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည့်အကြောင်း အဖွဲ့ဝင်နိုင်ငံများသို့ အမှာစကားပါးသည်။ မှန်ပါသည်။ လူတစ်ဦးတစ်ယောက်ပင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံပင်ဖြစ်စေ တသီးတခြားထီးတည်းရပ်တည်နေ၍မရပါ။ သို့သော် အများနှင့် ပေါင်းစည်းဆောင်ရွက်ရမည်ဆိုသော်လည်း တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်၍တော့ဖြင့်မရပါ။ တစ်ဦးအကျိုးကို တစ်ဦးကလိုလားသည့် ဘက်ညီမျှတသော တွဲဖက်နေထိုင်ခြင်းမျိုးကသာလျှင် အရှည်သဖြင့် ချမ်းသာသုခကို ဆောင်နိုင်ပါလိမ့်မည်။ အတ္တမသန်၊ ရန်မာန်မကြီး၊ အစည်းမပြေရှိကြလေမှ ခိုင်မာသောအင်အားကို တည်ဆောက်နိုင်ပါလိမ့်မည်။

နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ခွဲခြား၍မရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများပီပီ တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ သည့်နောက်တွင် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှသည် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေတို့ အလယ်လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများအထိ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထိုနေ့ ညနေပိုင်းတွင် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသည်။ နိုင်ငံတော်အကြီးအကဲနှင့် ပါတီကော်မတီအတွင်းရေးမှူးတို့သည် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလမ်းစများ၊ ချုံချင့်မြို့နယ်အနေဖြင့် နည်းပညာအားသာချက်၊ လမ်းပန်းဆက်သွယ်မှု အချက်အချာအားသာချက်များအပေါ်မူတည်၍ မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ၊ ပညာရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲသည် ခရီးစဉ်တစ်လျှောက် ထိပ်သီးအစည်းအဝေးများတွင်သာမက တွေ့ဆုံသင့်တွေ့ဆုံထိုက်သည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆွေးနွေးဖက်များနှင့်လည်း အခွင့်အလမ်းများစွာ ပေါ်ပေါက်လာစေသည်အထိ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်နေသည်ကို စာရေးသူ သတိပြုမိပါ၏။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်တန်ဖိုးနှင့် အလုပ်ပြီးမြောက်မှုနှုန်းမှာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အနမတဂ္ဂပင်ဖြစ်သည်ဟုဆိုရပါမည်။ မိမိနိုင်ငံတော်၊ မိမိနိုင်ငံသားများနှင့် အိမ်နီးချင်းမိတ်ဖက် နိုင်ငံများတည်းဟူသော မျက်နှာစာသုံးရပ်အတွက် မျှတညီညွတ်သော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်ခဲ့ကြသည်။ ကမ္ဘာ့စင်မြင့်ထက်တွင် မိတ်ကောင်းဆွေကောင်းတို့၏ တန်ဖိုးကြီးမားသော ဂုဏ်အင်္ဂါရပ်များကို သက်သေစိုက်ထူနိုင်ခဲ့ကြပါသည်။ ဥပဒေသဆန်ဆန်ပြောရလျှင် win-win situation ဟုပင်ဆိုရမည်ဖြစ်သည်။

သည်နေရာတွင် သားလည်းအသက်ရှင်၊ မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရ၊ ရွှေအိုးကိုလည်း ထမ်းလာနိုင်သည့် သုဝဏ္ဏသာမဇာတ်တော်လာအဖွဲ့ကို စာရေးသူသတိရမိသည်။ မည်သည့်နှောင်ဖွဲ့မှုမျှမပါသော အသွေးအရောင်ကင်းသည့် သာမန်ပြည်သူတစ်ဦး၊ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ အမြင်ကိုဆိုရပါမူ နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်မှာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးကျေးဇူးများစွာကို လက်တွေ့ကျကျ ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် သမိုင်းတွင်မည့် သမိုင်းဝင်ခြေလှမ်းများဟု ဆိုလိုက်ချင်ပါသည်။

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ပြည်တော်ပြန်ခရီးကို တာဝန်ရှိပုဂ္ဂိုလ်များသာမက တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားပြည်သူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကပါ သောင်းသောင်းဖြဖြလှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုနေကြသည့်မြင်ကွင်းမှာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အေးအတူပူအမျှ တစ်သားတည်းဖြစ်သော ခံစားမှုတို့ကို နွေးထွေးစွာ ခံစားရစေပါသည်။ တရုတ်-မြန်မာ ချစ်ကြည်ရေး၊ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အကြီးအကဲအပေါ် ဆုမွန်ကောင်းတောင်း၍ ကောင်းချီးထောမနာပြုကြသည့် ကြွေးကြော်သံများမှာ ကြက်သီးမွေးညင်း ထလောက်ပါပေသည်။ 

ဤသို့ပမာပင် ကြွားဝင့်သွေမကွာ တက်နေပမာ ညီညာဆောင်ထမ်းကြလျှင်ဖြင့် ငွားစွင့်ဝေဆာ ကျက်သရေဖြာ ပြည်သာအောင်ပန်းလှတော့မည်ဆိုသည့်အကြောင်း ခိုင်မာသောယုံကြည်ချက်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။