နိုင်ငံ့ဂုဏ်ဆောင် မဲခေါင်စာပေဆုနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း စာပေဆု
မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွားရန် စီစဉ်နေကြလေပြီ။
မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ညီလာခံတစ်ခု၏ သက်တမ်းသည် လေးနှစ်ဖြစ်ပြီး ညီလာခံတစ်ခုနှင့်တစ်ခုအကြား နှစ်နှစ်သက်တမ်းတွင် ညီလာခံ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ကျင်းပရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို ၂ဝ၂၂ ခုနှစ် မေလ ၂၂ ရက်နေ့ကကျင်းပခဲ့ရာ တတိယအကြိမ် ညီလာခံသက်တမ်းသည် နှစ်နှစ်ပြည့်ခဲ့လေပြီ။ ထို့ကြောင့် အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါသည်။
အဆိုပါ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်းက ချီးမြှင့်ပေးအပ်သော (၁၁)ကြိမ်မြောက် မဲခေါင်စာပေဆု(၂၀၂၀)နှင့် လာအိုနိုင်ငံ စာရေးဆရာအသင်းက ချီးမြှင့်ပေးအပ်သော (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆု (၂၀၂၁)တို့တွင် ဆုရရှိခဲ့သည့် စာရေးဆရာ၊ ဆရာမ လေးဦးတို့အား ဆုချီးမြှင့်ခြင်းနှင့်အသင်း၏ ဒုတိယအကြိမ် စာမူပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကိုပါ ပူးတွဲကျင်းပသွားမည်ဖြစ်ပါသည်။
မဲခေါင်စာပေဆုပေါ်ပေါက်လာပုံ
မဲခေါင်စာပေဆုကို အစပျိုးခဲ့သည့် နိုင်ငံမှာအဘက်ဘက်က တိုးတက်နေသော ဗီယက်နမ်နိုင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် ၂၀၀၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ စာရေးဆရာအသင်းများစုပေါင်းပြီး “မဲခေါင်စာပေဆုချီးမြှင့်ခြင်း”ကို စတင်ခဲ့ကြပါသည်။ ခုနစ်နှစ်အကြာ ၂၀၁၄ ခုနှစ်ကျမှသာ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်ကြသော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)တို့ ပါဝင်လာခဲ့ကြပါသည်။
မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လာအိုနှင့် တရုတ်(ယူနန်) ခြောက်နိုင်ငံမှ စာရေးဆရာအသင်းများ ၏ မဲခေါင်စာပေဆုချီးမြှင့်ပွဲများသည် ဒေသအတွင်းရှိ အမျိုးသားရေးလက္ခဏာနှင့် ပြည့်စုံကြွယ်ဝထူးချွန်သည့် စာပေ တန်ဖိုးများကိုအားပေးခြင်း၊ ဂုဏ်ပြုခြင်းနှင့် မြှင့်တင်ပေးခြင်းများကို ဖော်ဆောင် နိုင်ခဲ့ကြပါသည်။
ထို့ပြင် ယဉ်ကျေးမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စာရေးဆရာ အင်အားစုများ၏ အချင်းချင်းဆက်သွယ်မှု၊ အပြန်အလှန်ချစ်ကြည်ရေးနှင့် ရင်းနှီးမှု၊ လူသားအားလုံးနှင့် ဒေသတွင်းယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တန်ဖိုးထား အသိအမှတ်ပြုနိုင်ခဲ့ကြပါ သည်။ ဥပမာတင်ပြရလျှင် ၂၀၁၄ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ဆီယံရိမြို့၌ ကျင်းပခဲ့သော မဲခေါင်စာပေဆုချီးမြှင့်ပွဲတွင် ပုဂံခေတ်နှင့်အပြိုင် ထွန်းကားခဲ့သော “အန်ကောဝပ်ကျောင်းတော်ကြီးနှင့် ယဉ်ကျေးမှု”ကို ယှဉ်တွဲဆန်းစစ်လေ့လာ နိုင်ခဲ့ကြပါသည်။
မဲခေါင်စာပေဆုချီးမြှင့်ပွဲ၏ ရည်ရွယ်ချက်
မဲခေါင်စာပေဆုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ-
၁။ အဖွဲ့ဝင်နိုင်ငံများရှိ စာရေးဆရာ များ၏ စာပေလက်ရာများကို ထိုက်တန်စွာ ဖော်ထုတ်ချီးမြှင့် နိုင်ရန်၊
၂။ အဖွဲ့ဝင်နိုင်ငံများ၏ စာပေပရိသတ်များအား မဲခေါင်ဒေသရှိ မိတ်ဆွေနိုင်ငံများ၏ စာပေနှင့် ဘဝကို ပိုမိုသိရှိနားလည်စေ ရန်၊
၃။ ဒေသတွင်းနိုင်ငံများ၏ စည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာလာအောင် တက်ကြွစွာဆောင်ရွက်ရန်၊
၄။ ဒေသတွင်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ရန် ဟူ၍ဖြစ်သည်။
ဆုရွေးချယ်ရာတွင် သတ်မှတ်ထားသော စာပေစံများ
စာပေဆုရွေးချယ်ရာတွင် ဒေသတွင်း ခြောက်နိုင်ငံရှိ စာရေးဆရာအသင်းများ၏ ညှိနှိုင်းသဘောတူညီချက်အရ စာပေစံ (၁ဝ)ရပ် သတ်မှတ်ထားပါသည်။ ထိုစာပေစံများမှာ-
၁။ ပြိုင်ပွဲဝင် စာပေလက်ရာသည် အနုပညာအရည်အသွေး မြင့်မားပြီး ပင်ကိုဖန်တီးမှုဖြစ်ရမည်၊
၂။ အဖွဲ့ဝင်နိုင်ငံများက ထောက်ခံ သောစာပေဖြစ်ရမည်၊
၃။ လူသားများကို ဂုဏ်ပြုချီးကျူး သောစာပေဖြစ်ရမည်၊
၄။ ပြိုင်ပွဲဝင်နိုင်ငံနှင့် ယင်းနိုင်ငံပြည်သူများအကြောင်း ရေးသားထားသော စာပေလက်ရာများကို ဦးစားပေးရမည်၊
၅။ နိုင်ငံတကာနှင့် ဒေသတွင်း ယဉ်ကျေးမှုအသိုက်အဝန်းများ၏ ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှုတို့ကို အထောက်အကူပြုသော စာပေဖြစ်ရမည်၊
၆။ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆန့်ကျင်ဖီလာမဖြစ်စေရ၊
၇။ ရွေးချယ်မည့် စာပေအမျိုးအစားသည် ဖန်တီးမှုစာပေအမျိုး အစားဖြစ်သော “ကဗျာနှင့်ဝတ္ထု” ဖြစ်ရမည်၊
၈။ ဆုရစာရေးဆရာသည် ပြိုင်ပွဲဝင် စဉ် သက်ရှိထင်ရှားရှိနေရမည်၊
၉။ ပြိုင်ပွဲဝင်စာပေလက်ရာသည် ပြိုင်ပွဲဝင်ရန်မတင်သွင်းမီ တစ်နှစ်အလိုကတည်းက ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပြီးဖြစ်ရမည်၊
၁ဝ။ ပြိုင်ပွဲဝင်စာပေများ၏ မူဘောင်နှင့်ပတ်သက်၍ အငြင်းပွားဖွယ် မဖြစ်စေရပါ ဟူ၍ဖြစ်သည်။
ခြောက်နိုင်ငံမှ စာရေးဆရာအသင်းများက ချမှတ်ထားသော ရည်ရွယ်ချက်များ၊ စာပေစံများနှင့်အညီ သက်ဆိုင်ရာနိုင်ငံ၏ အမျိုးသားဘာသာနှင့်၊ အင်္ဂလိပ်ဘာသာ၊ မြန်မာနိုင်ငံဆိုပါမူ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ ရေးသားထုတ်ဝေထားသောစာအုပ်များ ဖြစ်ရပါမည်။ ထိုစာအုပ်များကို နိုင်ငံအဆင့်နှင့် ဒေသအဆင့်ဟူ၍ ရွေးချယ်ခဲ့ကြပါသည်။
မဲခေါင်စာပေဆုချီးမြှင့်ပွဲများ ကျင်းပခဲ့ကြရာတွင် လက်ခံကျင်းပသည့် အိမ်ရှင်နိုင်ငံ စာရေးဆရာအသင်းများက ထိုနှစ်များအတွက် ပြိုင်ပွဲဝင်ကြရမည့် ဦးတည်ချက်များကို ထုတ်ပြန်ရလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံ စာရေးဆရာအသင်းကလည်း “စာပေကမွေးဖွားပေးသော ရင်းနှီးချစ်ကြည်သွေးစည်းမှု” “Unity and Fraternity born by literature”ဟူသော ဦးတည်ချက်ကို ထုတ်ပြန်ထားပြီး အဖွဲ့ဝင်နိုင်ငံများက ထိုဦးတည်ချက် ဘောင်အတွင်းဝင်သည့် စာအုပ်များကိုသာ ဆုရွေးချယ်ရပါသည်။
အလှည့်ကျကျင်းပကြခြင်း
မဲခေါင်စာပေဆု ချီးမြှင့်ပွဲများကို အဖွဲ့ဝင်ခြောက်နိုင်ငံ ဖြစ်ချိန်မှစ၍ တစ်လှည့်စီကျင်းပကြရာတွင်-
၁။ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ ဆီယံရိမြို့
၂။ ၂၀၁၅ ခုနှစ်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့
၃။ ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ ယူနန်မြို့
၄။ ၂ဝ၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
၅။ ၂ဝ၁၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့
၆။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့
၇။ ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့
၈။ ၂၀၂၁ ခုနှစ်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ စသည်ဖြင့် ကျင်းပခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်ကပ်ရောဂါကြောင့် အလှည့်ကျနိုင်ငံများတွင် မဲခေါင်စာပေဆု ပေးအပ်ချီးမြှင့်ပွဲများ မကျင်းပနိုင်ခဲ့သဖြင့် ယခုနှစ်မှ အဝေးရောက်ချီးမြှင့်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ဦးဖေသန်း(နေမင်းသန်း)နှင့် ဒေါက်တာ နီလာသိန်း(မြကြာငုံ)တို့ ရရှိခဲ့ကြပြီး ၂၀၂၁ ခုနှစ်တွင် ဦးဇော်ဝင်းအောင် (အကြီးကိုကို-ကသာ)နှင့် ဦးသန်းအေး (စလင်းဘုန်းကျော်)တို့ ရရှိခဲ့ကြသည်။ ဆရာစလင်းဘုန်းကျော်သည် ပြိုင်ပွဲဆုကြေညာပြီးမှ ကွယ်လွန်သွားခဲ့သည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း စာပေဆု
မြန်မာနိုင်ငံ စာရေးဆရာအသင်းက အသင်းဝင်များ၏ စာပေအရည် အသွေးကို တစ်ဖက်တစ်လမ်းမှ မြှင့်တင် ပေးနိုင်ရေးနှင့် အသင်းကြီး၏ စာပေအကျိုးပြုလုပ်ငန်းစဉ်တစ်ရပ်ကို မြန်မာနိုင်ငံစာပေသမိုင်းတွင် မှတ်တမ်းတင် ကျန်ရစ်စေရေးအတွက် “စာမူပြိုင်ပွဲကျင်းပရန်”နှင့် “အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရန်”ဟူသော လုပ်ငန်းစဉ်နှစ်ရပ်ကို မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ပထမအကြိမ် ညီလာခံသက်တမ်း ၂၀၁၂- ၂၀၁၆ ကတည်းက ချမှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်း ပထမအကြိမ် ညီလာခံသက်တမ်းတွင် အဆိုပါလုပ်ငန်းစဉ်နှစ်ရပ်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဒုတိယအကြိမ် ညီလာခံသက်တမ်းအတွင်းတွင် ဆက်လက် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလွှဲမရှောင်သာဘဲ လုပ်ငန်းစဉ်များကို ရပ်နားထားခဲ့ရသည်။
ထို့ကြောင့် ယခုတတိယအကြိမ် ညီလာခံသက်တမ်းတွင် အထက်ဖော်ပြပါ လုပ်ငန်းစဉ်နှစ်ရပ်အနက် စာမူပြိုင်ပွဲကို ရှေးဦးစွာ စတင်ဆောင်ရွက်မည်ဖြစ်ရာ စာရေးဆရာအသင်းဝင်တိုင်း ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုတိုသုံးမျိုး (စာမူ)များကို မိမိတို့ကြိုက်နှစ်သက်သည့် အမျိုးအစားတစ်မျိုးမျိုးဖြစ်စေ၊ ဘာသာရပ်သုံးမျိုးစလုံးဖြစ်စေ သတ်မှတ်စည်းကမ်းပုံစံနှင့်အညီ အောက်ဖော်ပြပါ ဦးတည်ချက်များအတွင်း ရေးသားယှဉ်ပြိုင်စေခဲ့ပါသည်-
(၁) မြန်မာ့ယဉ်ကျေးမှုထွန်းကားရေး၊ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်စေရေးတို့အပြင် မြန်မာ့စိတ်ရင်းနှင့် မြန်မာ့လူမှုပတ်ဝန်းကျင်ကို ချစ်ခင်နှစ်သက်ဖွယ်၊ လေးစားဂုဏ်ယူ ဖွယ်ဖြစ်အောင် ရသ၊ သုတပြည့်စုံစွာ ရေးသားဖော်ပြကြရန်။
(၂) ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ် သိက္ခာ တင့်တယ်စေရေးအတွက် အပြုသဘော ဆောင်ရွက်သင့် သည့် အကြောင်းခြင်းရာများကို ရေးသားဖော်ပြကြရန်။
(၃) “အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်” ဟူသော မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဆောင်ပုဒ်ကို ထင်သာမြင်သာရှိသော အကြောင်းခြင်းရာများဖြင့် ရေးသားဖော်ပြကြရန်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း အနေဖြင့် ပထမအကြိမ်စာမူ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီး အသင်းကြီးအတွက် အမှတ်တရ အထိမ်းအမှတ်ဖြစ်စေသည့် မဂ္ဂဇင်းကိုလည်း အရည်အသွေး ကောင်းမွန်စွာ ထုတ်ဝေခဲ့ရာ ယခု ဒုတိယအကြိမ် စာမူပြိုင်ပွဲကိုလည်း အောင်မြင်စွာကျင်းပပြီး မဂ္ဂဇင်းကိုလည်း ထုတ်ဝေသွားမည်ဖြစ် သောကြောင့် စာရေးဆရာ အသင်းဝင်တိုင်း စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ကြစေရေးအတွက် မြို့နယ်အသီးသီးရှိ အသင်းဝင်တိုင်းကို အသိပေးလှုံ့ဆော် မေတ္တာရပ်ခံခဲ့ပါသည်။
ထိုသို့ လှုံ့ဆော်မေတ္တာရပ်ခံချက်အရ သတ်မှတ်ရက်အတွင်း ကဗျာစာမူ ၈၉ ပုဒ်၊ ဆောင်းပါးစာမူ ၁၁၅ ပုဒ်၊ ဝတ္ထုတို စာမူ ၁၀၈ ပုဒ် စာမူစုစုပေါင်း ၃၁၂ ပုဒ် ယှဉ်ပြိုင်ခဲ့ကြရာ အံ့ဩဝမ်းသာ ပီတိဖြာရပါသည်။ လက်လှမ်းမီသမျှသော စာပေပြိုင်ပွဲများထဲတွင် ယှဉ်ပြိုင်မှုစာမူ အများဆုံးဖြစ်နေသောကြောင့်ပင်တည်း။
စာမူရွေးချယ်စိစစ်ရေးကော်မတီဝင်များအနေဖြင့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုအကဲဖြစ်စိစစ်ရွေးချယ်ရေး အဖွဲ့ငယ်သုံးဖွဲ့ခွဲကာ စာမူများကို (A)အဆင့်၊ (B)အဆင့်၊ (C)အဆင့် အဆင့်သုံးဆင့်ကို စတင်ရွေးချယ်ခဲ့ကြပါသည်။ ထိုအဆင့် သုံးဆင့်ကိုအဖွဲ့ဝင်အချင်းချင်း အပြန်အလှန်၊ တစ်လှည့်စီ ထပ်မံဖတ်ရှုစေပြီး ပဏာမဆန်ခါတင်အဆင့်ကို ရွေးချယ်ခဲ့ကြပါသည်။ ပဏာမဆန်ခါတင်စာရင်းကို ပင် အကြိမ်ကြိမ် အလီလီအခါခါအတန်တန် အပြန်အလှန် ထပ်မံဖတ်ရှုစိစစ်ပြီးမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု(၁)၊ အထူးဆု(၂)နှင့် အထူးဆု(၃)များကို မူလကသတ်မှတ်ထားသည့်အတိုင်း ရွေးချယ်ခဲ့ကြပါသည်။
ပထမအကြိမ်က ကဗျာစာမူဆု ငါးဆု၊ ဆောင်းပါးစာမူဆု ငါးဆု၊ ဝတ္ထုတို စာမူဆု ငါးဆုစုစုပေါင်း စာမူဆု ၁၅ ဆု သာ ချီးမြှင့်နိုင်ခဲ့သော်လည်း ယခုဒုတိယအကြိမ်တွင် စာမူဆု ၁၈ ဆု ချီးမြှင့်ပေးရန် စီစဉ်ထားသည့်အပြင် စာမူဆုချီးမြှင့် ငွေများကိုလည်း တိုးမြှင့်ထားပါသည်။
ဆုရွေးချယ်စိစစ်ရေးအဖွဲ့က လူကိုမရွေး စာကိုသာရွေးခဲ့ကြရာ ဆုရစာမူများသည် မှတ်ကျောက်တင်ခံရဲသော စာမူများဖြစ်ကြပါသည်။ ထိုစာမူများကို ပထမအကြိမ်က (၂၀၁၄)ခုနှစ်ထုတ် အသင်းကြီး၏ နှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့်နည်းတူ ယခု ဒုတိယအကြိမ် ဆုရစာမူအချို့ကိုလည်း ၂၀၂၄ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ်ဝေမည့် အသင်းကြီး၏နှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယအကြိမ် စာမူပြိုင်ပွဲတွင် ဆုရရှိသူများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
ကဗျာစာမူပြိုင်ပွဲတွင် ပထမဆုကို နေခြည်မောင်(မြောင်းမြ) ရေးသားသည့် ‘ထာဝရကြာရှည် အလှဖြာဝေ မြန်မာ့စာပေ’၊ ဒုတိယဆုကို ဘုန်းရဲနိုင်(ဂန့်ဂေါ) ရေးသားသည့် ‘ဆပွားမြတ်နိုးအမျိုးစာပေ သတ္တိဆူနွေး ယဉ်ကျေးစေ’၊ တတိယဆုကို စစ်တွေညိုသန့်ရေးသားသည့် ‘အမျိုး၏ဂုဏ် ဇာတိဂုဏ် စာပေဂုဏ်ကိုမြှင့်’၊ အထူးဆု(၁)ကို ဇဂျမ်းရွာကျောင်းအိုသား ရေးသားသည့် ‘မြန်မာ့အလှ မြန်မာ့စာပေ’၊ အထူးဆု(၂)ကို ဟန်ညွန့် (ယဉ်ကျေးမှု) ရေးသားသည့် ‘မြန်မာ’၊ အထူးဆု(၃)ကို ခက်ဇော်(ကဗျာ) ရေးသားသည့် ‘ပြည်ထောင်စုအမွေ ထိန်းသိမ်း တတ်ပါစေ’ ကဗျာတို့ကလည်းကောင်း၊ ဝတ္ထုတိုစာမူပြိုင်ပွဲတွင် ပထမဆုကို စောငယ်ငယ် (မိုးညှင်း) ရေးသားသည့် ‘အားမာန်အပြည့် သတ္တိရှိပေတို့မေမေ’၊ ဒုတိယဆုကို ယွန်းနှင်းဆီခိုင် ရေးသား သည့် ‘ကြယ်ပွင့်လေးတွေ လင်းပါစေ’၊ တတိယဆုကို ဝေလွင်မြင့်မောင် ရေးသားသည့် ‘မီးလျှံဓားသွား ကမ်းပါးတစ္ဆေ ရေဆန်ခရီး’၊ အထူးဆု(၁)ကို စံဝင်းအောင်(မြန်အောင်) ရေးသားသည့် ‘ငြိုးမာန်ဖွဲ့ လေရော့ထင့်’၊ အထူးဆု(၂)ကို နန်းဟင်းပြင်းရေးသားသည့် ‘ကံပုစ္ဆာ၏ အဖြေလွှာ’၊ အထူးဆု(၃)ကို ဇော်(မြိတ်) ရေးသား သည့် ‘ဆက်ထုံးရယ်တဲ့ ဖြေမပြေ’ ဝတ္ထုတိုတို့က လည်းကောင်း၊ ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆုကို ရွှေထုံခင်သီတာလှိုင် ရေးသားသည့် ‘ပေါင်းသင်းရွေးချယ် ယဉ်ကျေးမှုနယ်ပယ်’၊ ဒုတိယဆုကို လင်းအရုဏ်ဦး(ပဲခူး) ရေးသားသည့် ‘အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ် ကိုမြှင့်’၊ တတိယဆုကို သစ္စာဝါဒီ ဦးမြင့်အောင် ရေးသားသည့် ‘မြန်မာနှင့် မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်း မြန်မာစာပေ မြန်မာယဉ်ကျေးမှုအစဉ်အလာ’၊ အထူးဆု(၁)ကို တက္ကသိုလ်နန်းဖြူဖြူထွန်း ရေးသားသည့် ‘ခေတ်အဆက်ဆက် စာပေတာဝန်ကျေပွန်ခဲ့ကြသူများ’၊ အထူးဆု(၂)ကို မရွှေချစ်(လယ်ကိုင်း) ရေးသားသည့် ‘မီးပုံပွဲ-ကျေးလက်ရနံ့နှင့် မြန်မာ့ယဉ်ကျေးမှု’၊ အထူးဆု(၃)ကို မောင်ရည်ကျော်(ရူပ) ရေးသားသည့် ‘အမျိုးကိုချစ်မှ အမျိုးစစ်မည်’ ဆောင်းပါး စာမူတို့ကလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။
ဆုရရှိကြသူ ၁၈ ဦးထဲတွင် အသင်းဝင်အမျိုးသမီးခြောက်ဦးပါဝင်ပြီး ထိုအသင်းဝင် ခြောက်ဦးထဲတွင်နှစ်ဦးမှာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌများ ဖြစ်ကြပါသည်။ ဝတ္ထုတို ပထမဆုရသူနှင့် ဆောင်းပါး ပထမဆုရသူ နှစ်ဦးသည်လည်း အမျိုးသမီးနှစ်ဦးပင်ဖြစ်နေကြ လေရာ ဒုတိယအကြိမ် စာမူပြိုင်ပွဲ၏ ထူးခြားချက်ပင် ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် “အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်”ဟူသော သမိုင်းအစဉ်အလာကောင်းသည့် မြန်မာ နိုင်ငံစာရေးဆရာအသင်းကြီး၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် မဲခေါင်စာပေဆုနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း စာပေဆုများသည် မြန်မာနိုင်ငံစာပေသမိုင်းတွင် ဂန္ထဝင်တွင်၍ အမူကွန်းတင်နေမည့် စာပေဆုများဖြစ်ကြောင်း ဂုဏ်ပြုအမွှမ်းတင်လိုက်ရပါသည်။ ။