ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်
ယနေ့ဧပြီလ ၂၈ ရက်နေ့ဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျ ခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေးအန္တရာယ် တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေ စတဲ့သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားလာ နိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ် မေလမှာ မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရာဂီမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။
မတ်လ ၂၈ ရက်နေ့ မြင်ကွင်းပုံရိပ်များ...
၂၀၂၅ ခုနှစ် မတ်လ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ် အလတ် အမြတ် မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေးမသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရစ္ဆာန်တွေအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြထားခဲ့ပါတယ်။
ထူးခြားမှုတစ်ခုအနေနဲ့ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ ငါးမိနစ်လောက်အလိုမှာ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ဝင်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍ အော်ဟစ်နေကြောင်း ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့မိမိဘေးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်တွေရဲ့ ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလိုမန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေများစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ငါတို့တစ်တွေအတူတကွ အမြန်ဆုံးပြန်လည် ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်း မြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ်နေတာကို ခံစားတွေ့မြင်ရပါတယ်။
အရေးကြီးရင် သွေးနီးတတ်တာ....
မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ငလျင်ကြောင့် သက်ရောက်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ချက်ချင်းပင်တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာချက်အား ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုနိုင်ငံတကာသို့ ချက်ချင်းအသိပေး ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အလားတူပင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ စေတနာ သဒ္ဓါတရားထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို လူအား၊ ငွေအားနဲ့ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု မြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို ဂုဏ်ယူစွာတွေ့ရှိရပါတယ်။
နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်းတွေ့ရှိခဲ့ရပါတယ်။ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူးတင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေပျူငှာတတ်ကြပုံတွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ဗီဒီယိုကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် နေ့မှာလည်းငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ (ကျပ်)၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ (ကျပ်)၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ (ကျပ်)ကို အစိုးရထံ လှူဒါန်းပေးအပ်ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေနဲ့လည်း ၅၀၀ ဘီလီယံ(ကျပ်)ကို ကနဦးမတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင် ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာ ကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိအဆောက်အအုံများကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ သမိုင်းခေတ်အဆက်ဆက် မြန်မာ့အရေးအခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင်ဖြေရှင်းကျော်လွှားခဲ့ကြရတာဆိုတာ ပကတိအရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြ သူတွေအားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့ အသိတရားတွေနဲ့ အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာဖြစ်ပါတယ်။
“မိုခါ” မုန်တိုင်းကြီးကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်....
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့တစ်လပြည့် မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လတာကာလ အတွင်း အစိုးရနဲ့ပြည်သူ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ကြရတဲ့ အခြေအနေတွေဟာ ၂၀၂၃ ခုနှစ် မေလအတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်း မိုခါ(Mocha) ကို ပြန်လည်သတိရမိစေခဲ့ပါတယ်။ မှတ်သားမိသလောက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက်လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့အနောက်မြောက် ဘက်ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်သတိပြုမိတာ တစ်ခုကတော့ မုန်တိုင်းသတင်း စတင်ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။ ဒီလိုမုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ် နိုင်ခဲ့မှုနဲ့ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ အစိုးရ၊ ဝန်ထမ်းတွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။
ယခုလည်း ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ်နိုင်ခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ မန္တလေးငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမယ့် အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အစိုးရနဲ့ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီဖေးမမှုတွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေ ချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့ စိတ်ရင်း၊ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစုကာကျော်လွှားနိုင်သကဲ့သို့ ယနေ့မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား နိုင်ငံရေးပယောဂတွေ မြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။
အခက်အခဲတွေကြားမှာ...အမြဲရှိတဲ့ အခွင့်အလမ်းတွေ
ကြီးမားသော အခက်အခဲတွေကြားက ရုန်းထွက်ရင်ဆိုင်ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းများစွာဟာ မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ ကြရပြီး ဒီလိုဘေးအန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင် ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးစေရုံသာမက အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားတွေနဲ့ အခြေခံအဆောက်အအုံတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့နယ်ပယ်ကဏ္ဍမျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊ နျူကလီးယား ဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ ပြည်သူပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန်ချီတက်ခဲ့ကြလို့ ယနေ့ဂျပန်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူလေးစားဖွယ် တွေ့မြင်နိုင်ပါတယ်။
ယနေ့ မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာ ဖြစ်ပေမယ့် ဆက်စပ်အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျှော့သောလုံ့လစိတ်ဓာတ်တွေအပေါ်မှာ များစွာ မူတည်နေပါတယ်။ မိမိတို့နိုင်ငံအပေါ် ပြည်ပြေး၊ ပြည်ဖျက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက် ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ဓလေ့ စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေ ထိခိုက်ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာအချင်းချင်း အပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနဲံ အပြန်အလှန်ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်တွေမှာ အပြန်အလှန် ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ ဆက်ဆံရေး အခွင့်အလမ်းကောင်းတွေ ဆက်လက် တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပူးပေါင်းဆက်သွယ်ရေးအခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိ စာနာနားလည်ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒီလိုအခက်အခဲတွေကြားကနေအမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက် နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျှင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာ ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူလက်တွဲ ရုန်းကန် ထူထောင်ကြရမယ့် ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့်လုပ်ရပ်မျိုးကိုမှ ပြည်သူ တွေ မလိုလားကြပါဘူး။ ဒီမြေမှာနေ ဒီရေသောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူတဲ့လူတိုင်း အတူတကွပြန်လည်ရုန်းထ ကျော်ဖြတ်ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည်ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ်သွားကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကို နည်းများမဆို ကြုံတွေ့ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ် အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေးဟာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အစိုးရရဲ့ ထက်မြက်တဲ့ဦးဆောင်မှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည်တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after earthquake) လုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့ နိုင်ငံတကာ မိတ်ဆွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက် မတ်မတ် အကောင်အထည်ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက် လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည် အေးချမ်းသာယာ ဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့ စုပေါင်းအားမာန်တွေနဲ့အတူ လက်တွဲညီညီ လျှောက်လှမ်းကြပါစို့လို့ ဆန္ဒပြုရင်း...။ ။