Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၇)

မြင့်စိုး(နတလ)

ရေးရင်းတောင်းပန်၊ တောင်းပန်ရင်း ရေးခဲ့သည်

ကိုမြင့်စိုးရေ..ပန်ဆန်းကို ကိုယ်အရင်ဆုံးသွားခဲ့တာပါကွာ။ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေးလုပ်ခဲ့ပေမယ့် ပန်ဆန်း၊ မိုင်းမော၊ ဝိန်းကောင်ဒေသတွေက ကားလမ်းမပေါက်သေးတာမို့ ၁၉၉၃ ခုနှစ် မေလထဲမှာ နမ့်တစ်-မန်ခါးကတစ်ဆင့် တရုတ်ပြည်နယ်စပ် မုန်းအား/ မုန်းလျင်ကနေ ပန်ဆန်းကိုဝင်ရတာ။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတွေကို ကြေးနန်းတွေပို့ပြီး တင်ပြတဲ့အခါ ပေးပို့သူနေရာမှာ ဖဖရ(ပန်ဆန်း)၊ ဖဖရ(ဝိန်းကောင်)၊ ဖဖရ(မိုင်းမော)၊ ဖဖရ(မိုင်းလား)စသည်ဖြင့် ဖွံ့ဖြိုးရေးရဲ့ အတိုကောက်စာလုံး (ဖဖရ)ကိုလည်း ကိုယ်စပြီးသုံးခဲ့တာပါ။ ဒါပေမဲ့မင်းရေးနေတဲ့ ဆောင်းပါးတွေထဲမှာကျတော့ ငါ့နာမည်တစ်ခါမျှမပါဘူးဟေ့။ ထိုသို့ပြောလာသူကတော့ နောင်တော်ကြီး ဦးခင်လတ် (ဗိုလ်မှူး ခင်လတ်-ဗသက ၄၉) ဖြစ်သည်။

သည့်အတွက် သူ့ကိုတောင်းပန်ပြီး နောက်အလျဉ်းသင့်ချိန်ရေးသည့် ဆောင်းပါးများထဲတွင် ထည့်သွင်းဖော်ပြပေးခဲ့ရဖူးသည်။ ဟုတ်လည်း ဟုတ်ပါသည်။ ကျွန်တော်တို့ထက် နတလကို စော၍ရောက်ကြသော၊ နယ်စပ်ဒေသများကို စော၍သွားခဲ့ကြရသော၊ စီနီယာလည်းကျသော နောင်တော်ကြီးများစွာထဲက ဗိုလ်မှူးဌေးမြင့်၊ ဗိုလ်မှူး စိုးအောင်၊ ဗိုလ်မှူး သန်းထူး၊ ဗိုလ်မှူးတင်ဝင်းတို့က အငြိမ်းစားဘဝနှင့် ရှိနေကြသည်။ ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေ(စာရေးဆရာ နီမင်းဆွေ-ကွယ်လွန်)၊ ဗိုလ်မှူးစိုးတင့်(ကွယ်လွန်)၊ ဒုတိယဗိုလ်မှူးကြီး သန်းဌေး (ကွယ်လွန်)၊ ဦးစိန်လင်း(ကွယ်လွန်)၊ ဗိုလ်မှူး တင်လတ်(ကွယ်လွန်)တို့ကတော့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငြိမ်းစားယူပြီး လူ့လောကကြီးကိုပါ နှုတ်ဆက်ထွက်ခွာသွားကြပေပြီ။

နောက်ထပ်ဆောင်းပါးရေးရင်း တောင်းပန်ခဲ့ရသူကတော့ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ တည်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကြီးထဲက မွန်ရိုးရာအိမ်ကို ကြီးကြပ်တည်ဆောက်ပေးခဲ့သော၊ မွန်ကျောက်စာပညာရှင်လည်းဖြစ်သော အဘနိုင်ပန်းရှင်ဖြစ်သည်။

တိုင်းရင်းသားကျေးရွာအကြောင်း၊ မွန်အိမ်အကြောင်း၊ နန်းမြင့်မျှော်စင်တွေ အကြောင်းရေးရင်းက မွန်ကျောက်စာပညာရှင် အဘနိုင်ပန်းရှင်ကိုသတိရပြီး ထည့်ရေးရာမှာ ကွယ်လွန်သွားပြီဖြစ်သော… ဆိုပြီး ရေးလိုက်မိသည်။ အမှန်က အဘနိုင်ပန်းရှင်သည် ပြင်ဦးလွင်တွင် ကျန်းမာစွာရှိနေပါသည်။ နောင်မှသိရ၍ တောင်းပန်ရင်း အမှားပြင်ဆင်ချက်ပေးကာ ထပ်၍ရေးခဲ့ရသည်ကိုလည်း အမှတ်ရမိသည်။ နောက်တစ်ဦးလည်း ရှိပါသေးသည်။ သူကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲတင့် ဖြစ်၏။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းသို့ “မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် စစ်တွေမြို့သို့ သွားရောက်၍ တာဝန်ထမ်းဆောင်ခဲ့ကြ ရသည်။ ယင်းသို့တာဝန်ထမ်းဆောင်ကြသော ဝန်ကြီးဌာနအလိုက် လုပ်ငန်းတာဝန်များကိုဖော်ပြ၍ ဂုဏ်ပြုဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ရသော ဒုတိယဝန်ကြီးများ၏ အမည်များကို ရေးသားဖော်ပြရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည်ဖြင့် အားလုံးပါဝင်ခဲ့ပါသည်။

ဆောင်းပါးတွေ ထွက်လာသောအခါ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ညီလေးငါ့နာမည်လည်း မပါဘူးဟု ပြောလာပါတော့သည်။ မိမိတို့နေရာအလိုက် ထိုင်နေကြသူတွေကို ကြည့်၍ရေးလိုက်ခြင်းဖြစ်ရာ နေပြည်တော်သို့ပြန်သွားသော ဦးရဲတင့်နာမည်ကျန်သွားခြင်းဖြစ်၍ တောင်းတောင်းပန်ပန်ပြုလုပ်ပြီး နောက်အပုဒ်တွေထဲမှာ ထည့်ပေးလိုက်ပါသည်။

ယခုလည်း နိဒါန်းချီ၍ ကျွန်တော်စရေးခဲ့သော MSME ဆောင်းပါးတွေကို ရှစ်ပုဒ်မြောက်မှာ ကျွန်တော်ရပ်နားတော့မည်ဖြစ်ပါသည်။ ဆောင်းပါး ၄၊ ၅၊ ၁၀ ပုဒ်လောက်နှင့်တော့ ကျင်းပပြီးစီးခဲ့သော MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးအကြောင်းကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်းရှိမည်မဟုတ်ပါ။ ထို့အတူ ပြခန်းပေါင်း ၉၆ ခန်းနှင့်ပတ်သက်၍ အားလုံးပါဝင်အောင် ကျွန်တော်မရေးနိုင်ခဲ့ပါ။ ဝန်ကြီးဌာနပြခန်းတွေထဲမှာ ကျွန်တော့်ဝန်ကြီးဌာန သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြခန်းများနှင့်ပတ်သက်၍ ရေးရန်ကျန်ရှိခဲ့ပါသည်။

အလားတူ အခြားသောပြခန်းများဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၏ ပြခန်းများ၊ မြန်မာစီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းပြခန်းများအကြောင်း ရေးသားတင်ပြရန် ကျန်ရှိခဲ့ပါသည်။ ထိုကဲ့သို့ ပြခန်းပေါင်းများစွာ ကျန်ရှိနေတာချင်းအတူတူ ညီလေးဒီတစ်ခါရေးရင် ငါ့နာမည်မကျန်ခဲ့စေနဲ့ နော်ဟု ကြိုတင်ပြောထားသည့် ဦးရဲတင့်အသံကို ကြားယောင်မိသောအခါ ဆောင်းပါး ဘေးခေါင်းစဉ်လေးကို အောက်ပါအတိုင်း ရေးလိုက်မိချေပြီတမုံ့။

ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ ဖွဲ့စည်း၍ ပြည်သူလူထုအား ပြန်ကြားပေးရေး၊ အသိပညာပေးရေးနှင့် ဖျော်ဖြေပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံနှိပ်မီဒီယာ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်မီဒီယာအပါအဝင် Internet ကဲ့သို့ မီဒီယာပုံစံသစ်(New Media) နှင့်ပြည်သူ့ဆက်ဆံရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များက MSME လုပ်ငန်းများနှင့်ပတ်သက်၍ ရိုက်ကူးပြီးထုတ်လွှင့်လိုပါက မည်သို့ရိုက်ကူးပြီး ထုတ်လုပ်ရသည်ကိုပြသခြင်း၊ MRTV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို Mobile Phone များမှ အချိန်မရွေးပြန်ပြီး ကြည့်ရှုနိုင်ရန် MRTV Application ကို လာရောက်လေ့လာသူများနှင့် လုပ်ငန်းရှင်များသို့ Install လုပ်ပေးခြင်း၊ လုပ်ငန်းရှင်များထုတ်လုပ်သည့် Product များကို အများပြည်သူသိရှိအောင် Promote လုပ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် MSME ပွဲကြီးနှင့်ပတ်သက်၍လည်း ရိုက်ကူးရေးကို နေ့စဉ်ပြုလုပ်၍ Progarm အနေဖြင့် ထုတ်လွှင့်ပေးခြင်း၊ ထုတ်လွှင့်ချက်များကိုလည်း Application တွင်ထည့်၍ ဆောင်ရွက်ခြင်းအပြင် အခြား Progarm များကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရေဒီယို၊ Social Media, Telegram တို့မှထုတ်လွှင့် ပြသလျက်ရှိပါသည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ကို  အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် -

(က) ဦးရဲတင့် ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန

(ခ) ဦးအေးကြွယ် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

(ဂ) ဦးကိုကိုနိုင် အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

(ဃ) ဦးသက်ဆွေ အဖွဲ့ဝင် ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

(င) ဦးသက်အောင် အဖွဲ့ဝင် ညွှန်ကြားရေးမှူး (ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ) စက်မှုဝန်ကြီးဌာန

(စ) ဦးရဲနိုင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

(က) ပြပွဲအတွင်း ပြန်ကြားရေးဌာနထားရှိခြင်း၊

(ခ) ပြပွဲပြိုင်ပွဲကျင်းပပြုလုပ်မည့် ကိစ္စရပ်များအား သတင်းထုတ်ပြန်ခြင်း၊

(ဂ) ပြခန်းခင်းကျင်းပြသသည့် MSME များနှင့် ပြိုင်ပွဲဝင် MSME များအား Interview အစီအစဉ်ဆောင်ရွက်ခြင်း၊

(ဃ)  သတင်းဆောင်းပါးရေးသား ပြုစုခြင်းနှင့် ကြိုတင်လှုံ့ဆော် ခြင်း၊

(င) အသုံးစရိတ်များ ခန့်မှန်း တွက်ချက်တင်ပြခြင်း၊

(စ) ပြိုင်ပွဲပြီးစီးပါက မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများစုစည်းပေးအပ်ခြင်းနှင့် မှတ်တမ်းစာအုပ်ထုတ်ဝေခြင်း။

တာဝန်ကျေခဲ့ပါသည် ပြန်ကြားရေး

သူတို့တာဝန်ကျေခဲ့ပါသည်။ သူတို့ ဆိုရာဝယ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းအားလုံးကို ရည်ညွှန်းပါသည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း၊တပေါင်းကွင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ ခမ်းနားထည်ဝါစွာ ဝှဲချီးကျင်းပပြုလုပ်မည့် သတင်းစကားနှင့်ပတ်သက်၍ မြန်မာ့ရုပ်မြင်သံကြား၊ ရေဒီယို၊ နေ့စဉ်ထုတ်သတင်းစာများအပါအဝင် ရှိရှိသမျှ မီဒီယာကဏ္ဍအားလုံးမှ ကြိုတင်ထုတ်လွှင့် လှုံ့ဆော်ပေးခဲ့ကြသည်။

ကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးသိန်းဆွေ တင်ပြခဲ့သော ဖွင့်ပွဲသီချင်း အချိန်မီရေးစပ်သီကုံး၍ အဆိုတော်နှင့် အသံသွင်းနိုင်ရေးကိစ္စကိုပင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကူညီစီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနေ့အပါအဝင် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိနေလေရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက မေတ္တာစေတနာအပြည့်ဖြင့် လာရောက်ဖျော်ဖြေတင်ဆက်ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ကျွန်တော်နှင့် အင်တာဗျူးခြင်းအနုပညာ

ကျွန်တော့်ဘဝတစ်လျှောက်လုံး၌ ကင်မရာရှေ့မှာ ရပ်ဖူးတာဆိုလို့တစ်ကြိမ်သာရှိခဲ့ဖူးသည်။ လွန်ခဲ့သော ၁၂ နှစ်ခန့်က သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့၏ ခရီးစဉ်နှင့်အတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့သို့ ရောက်ရှိခဲ့ကြစဉ် ထိုမြို့၌ ဖွင့်လှစ်ပေးခဲ့သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပတ်သက်၍ MRTV, MWD တို့မှ အင်တာဗျူးလုပ်ခဲ့ခြင်းဖြစ်၏။ မြန်မာ့အသံရေဒီယိုတွင်လည်း ရန်ကုန်၌ရှိစဉ် တစ်ကြိမ်သွားရောက်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ဖူးသည်။ ထိုတစ်ကြိမ်စီပြီးကတည်းက ကျွန်တော် မြင့်စိုး(နတလ)သည် ကင်မရာရှေ့မှာရော၊ မိုက်ရှေ့မှာရော ရှိမနေတော့ပါ။ ရှောင်ခဲ့ပါသည်။

အသံနှင့်ရူပါကို ချွေတာသည့်သဘော။ ပြည်ထောင်စုအဆင့် MSME ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အင်တာဗျူးမည်ဆိုသောအခါ ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ယူထားသော အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ ဒိုင်အဖွဲ့ဥက္ကဋ္ဌတာဝန်ယူထားသည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့နှင့် ဗျူးစေခဲ့ပါသည်။ ဒါတွေအပြင် ဖေဖော်ဝါရီလ ၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်မှ နေပြည်တော်သို့ ပြန်လာနေစဉ် ပြည်ထောင်စုအဆင့် MSME ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သတင်းထုတ်မည်ဖြစ်ကြောင်း ဆက်သွယ်ပြောဆိုလာသဖြင့် သတင်းစာသားကိစ္စ၊ ရိုက်ကူးရေးကိစ္စများအဆင်ပြေအောင် လမ်းကနေလှမ်းပြီး မှာကြားဆောင်ရွက် ပေးခဲ့ရသေး၏။

MRTV ၊ မြဝတီနှင့် သတင်းစာများ၏ အခန်းကဏ္ဍ

အဆိုပါ သတင်းမီဒီယာအဖွဲ့များအနေဖြင့် ပြပွဲပြိုင်ပွဲအကြိုကာလမှာကတည်းက ဦးစီးကော်မတီ၊ ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ ၁၁ ခုတို့၏ လုပ်ငန်းပြင်ဆင်ဆောင်ရွက်နေမှုများကို အင်တာဗျူးအစီအစဉ်ဖြင့်တစ်မျိုး၊ တွေ့ဆုံမေးမြန်းခြင်းဖြင့် တစ်နည်း၊ ဆောင်းပါးများရေးသား၍ တစ်ဖုံ၊ စုံစုံလင်လင်ဝေဝေဆာဆာ တင်ဆက်ဖော်ပြပေးခဲ့သည်။ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းပြခန်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းပြခန်းများ၊ အခြားသောအသင်းအဖွဲ့ပြခန်းများ စတင်ခင်းကျင်းပြသချိန်တွင်လည်းကောင်း၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ဆင်နွှဲသည့်လုပ်ငန်းရှင်များ ရောက်ရှိလာချိန်တွင်လည်းကောင်း၊ ဒေသထွက်ရိုးရာအစားအစာများ ရောင်းချသည့် ဆိုင်ခန်းများတွင်လည်းကောင်း၊ ဆိုင်ရာဆိုင်ရာများနှင့်တွေ့ဆုံ၍ ထပ်မံမေးမြန်း ရိုက်ကူးတင်ဆက်ပေးခဲ့ကြသည်။

သတင်းစာနှင့်ရုပ်မြင်သံကြားတို့မှ တွေ့ဆုံမေးမြန်းသူ၊ ကင်မရာမင်း၊ ဓာတ်ပုံဆရာစသည့် ဝန်ထမ်းများကလည်း သတင်းရယူရေးသားထုတ်လွှင့်ပေးမှု အလွန်အားကောင်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းသူများဖြစ်ကြသော ဝင်းဝင်းမင်း၊ အေးအေးသန့်၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ အောင်ရဲသွင်၊ အလင်းသစ်စသောဝန်ထမ်းများနှင့်အတူ ဓာတ်ပုံဆရာများဖြစ်ကြသည့် ဖိုးပြည့်စုံ၊ ဂျိုင်းလော၊ ကိုကြီးထိန်၊ ဇော်ဘီ၊ သန်းမင်းအောင်၊ သန်းတင်အောင်တို့ကလည်း တက်ညီလက်ညီဖြင့် အပင်ပန်းခံ သွားရောက်မေးမြန်း၍ ဒစ်ဂျစ်တယ်ကော်နာတွင် ထွန်းသစ်စနည်းပညာများပြသထားမှု၊ သတင်းအချက်အလက်နှင့် နည်းပညာများဖလှယ်ခွင့်ရရှိစေမည့် စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်မှု၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သော နည်းပညာ၊ အသိပညာများဖြန့်ဝေပေးနေမှု၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပါဝင်ယှဉ်ပြိုင်ပြသထားသော ထုတ်ကုန်ပစ္စည်းများအခြေအနေ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)ထုတ်ကုန်များအခြေအနေ၊ စက်မှုဝန်ကြီးဌာန၏ သက်မွေးရွေ့လျားသင်တန်း ပို့ချပေးနေမှုအခြေအနေများကို အများပြည်သူသိရှိနိုင်စေရန် ရေးသားဖြန့်ချိပေးခဲ့သည်။

MRTV မှာလည်း ကျွန်မဝင်းမြတ်သန္တာလွင်ပါရှင်၊ ကျွန်တော် မင်းထွဋ်ခေါင်ပါဆိုသည့် သတင်းထောက်များ၏ အသံကို မကြာခဏကြားနေမြင်နေရပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနများအပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ရိုက်ကူးတင်ဆက်သွားကြသည်။

ပြန်လည်ဆုံတွေ့ကြပါစို့

နိုင်ငံအတွင်းက ဘယ်မြို့ဘယ်ရွာကို သွားသွား၊ မြို့အဝင်ရွာအဝင်တွေမှာ လှိုက်လှဲစွာကြိုဆိုပါ၏။ ပြန်လည်ဆုံတွေ့ကြပါစို့ဆိုသည့် ဆိုင်းဘုတ်များကိုတွေ့ရမည်ဖြစ်သည်။ ဒါ့အပြင် ကျွန်တော့်နားထဲမှာ နိုင်ငံတော်တေးသံရှင် အကော်ဒီယံအုန်းကျော်၏ “သွေးကစကားပြောပါတယ် သီချင်းထဲက ပြန်လည်ဆုံမယ်ဟေ့ ပြန်လည်ဆုံမယ်ဟေ့ဆိုသည့် အသံကို ကြားယောင်နေမိသည်။ တီထွင်ဆန်းသစ်သော MSME နည်းပညာများဖြင့် ပြည်ပပို့ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်နေကြသော နိုင်ငံ့ဂုဏ်ဆောင်စီးပွားရေးလုပ်ငန်းရှင် အဟောင်းအသစ်များနှင့် ရင်းနှီးချစ်ခင်စွာ ပြန်လည်တွေ့ဆုံခွင့်ရကြပါဦးမည်။ မကြာသောကာလမှာ ပြန်လည်ဆုံတွေ့ကြပါစို့။ ။